ကရင်ပြည်နယ် ဘားအံမြို့နယ် ဖားပေါင်ကျေးရွာတွင် စာသင်ကြားနေသော ဆရာမအိမ်အနီး လက်နက်ကြီး ကျရောက်သဖြင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု KNU နှင့် PDF များ လက်ချက်ဟု စစ်တပ်လော်ဘီများက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
Ka Ka Han အမည်ရှိ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၂၂ရက် ညပိုင်းတွင် သတင်းအ မှားကို စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ဖြန့်ဝေထားသောအကြောင်းအရာမှာ “ အောက်တိုဘာ ၂၀ရက် ညပိုင်းတွင် ဘားအံမြို့နယ် ဖားပေါင်ကျေးရွာရှိ မူလတန်းပြ ကျောင်းဆရာမတစ်ဦးက ကျောင်းသား၊ ကျောင်းသူများကို နေအိမ်၌ စာသင်ကြားနေစဉ် KNU/PDF များ၏ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးနှင့် ကျောင်းသူ တစ်ဦး သေဆုံးခဲ့၍ ကျောင်းသား၊ ကျောင်းသူ ၁၁ဦး ပြင်းဒဏ်သော ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့် တကွ ရေးသားဖြန့်ဝေထား သည်။
သတင်းအမှားလင့်ခ် – https://archive.ph/wi7U1
အဆိုပါ အကြောင်းအရာကို “ရွှေဘ” နှင့် “National News” တယ်လီဂရမ်ချန်နယ်တို့က ကူးယူဖော်ပြခဲ့ကြ သည်။
သတင်းအမှားလင့်ခ်များ
ရွှေဘ – https://archive.ph/BvokV
National News – https://archive.ph/onZ3T
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို MPA Fact-check team က သတင်းအ ချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “ဘားအံတွင် ဆရာမအိမ်အနီး လက်နက်ကြီးကျ” ဟု ရေးသားရှာဖွေရာ “လဂွန်းအိမ်” နှင့် “Connect Burma” စသည့် သတင်းမီဒီယာများတွင် ဖြစ်စဉ်အမှန်ကို သတင်းရေးသားဖော်ပြထားသည်။
Connect Burma သတင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပေါင်ကျေးရွာတွင် ကလေးများ စာသင် နေသော ဆရာမ၏ နေအိမ်အနီး လက်နက်ကြီးကျရောက်သဖြင့် လာရောက်စာသင်ကြားနေသော ကျောင်းသူများ အပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ကထုတ်ပြန်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးကြောင့် ဖားဘော်ရွာလေးရွာခံ စောတူ (၃၇) နှစ်၊ နော်အေးမူ (၁၂) နှစ် နှင့် နော်ချမိ (၆) နှစ်တို့ သေဆုံးခဲ့ကြောင်း ရေးသားခဲ့သည်။
သတင်းလင့်ခ် – https://bitly.cx/vcVv4
လဂွန်းအိမ် သတင်းဌာနက အောက်တိုဘာ ၂၂ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပေါင်ကျေးရွာ၌ ကလေးများ စာသင်နေသော ဆရာမ၏ နေအိမ်အနီး လက်နက်ကြီးကျရောက်သဖြင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူ မနော်ဝါးဘဲ၊ အသက် ၃၇ နှစ်အရွယ် ဦးတာတူး သေဆုံးခဲ့ပြီး ဆရာမ အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များကို မေးမြန်း၍ ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/3JJw
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဆရာမအိမ်တွင် စာသင်ယူနေသော ကျောင်းသူ နှစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း သုံးဦးသေဆုံး၍ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသော လက်နက်ကြီးသည် KNU နှင့် PDF လက်ချက်ဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
