နေပြည်တော်လွှတ်တော် အမတ်လောင်းအဖြစ် ရွေးချယ်ခံရသူများကို ချောင်ထိုးခံရခြင်းဟု မွန်ပြည် နယ် ပြည်ခိုင်ဖြိုးပါတီအသိုင်းအဝိုင်းက အဓိပ္ပါယ်ဖွင့်ဆိုနေကြကြောင်း သိရသည်။
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း လုပ်စားရအဆင်ပြေသော မွန်ပြည်နယ်လွှတ်တော်အမတ် လောင်းဖြစ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ကာ ကြိုးစားကြပြီး မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊လက်ရှိ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ တပည့်ရင်းများနှင့် နီးစပ်သူများသာ မွန်ပြည်နယ်လွှတ်တော်အမတ်လောင်းအဖြစ် ရွေးချယ်ခြင်းခံရကြောင်း ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ပြည်သူ့နဲ့ အမျိုးသားလွှတ်တော်အမတ်ဖြစ်ရင် နေပြည်တော်မှာ အချိန်ကုန်ပြီး လွှတ်တော်ထဲ အိပ် ငိုက်ဖို့ပဲ ရှိတယ်လေ။ပြည်နယ်လွှတ်တော်အမတ်တွေကျတော့ ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးမဖြစ် ရင်တောင် အမတ်အနေနဲ့ ကိုယ့်မြို့အတွက် ချပေးတဲ့ ဖွံ့ဖြိုးရေးဘတ်ဂျက်တွေကို ကောင်းကောင်း နှိုက်စားလို့ရ တယ်။ပြီးတော့ တရားမဝင်စီးပွားရေးလုပ်နေတဲ့ကောင်တွေဆီကလည်း လိုင်းကြေး တောင်းလို့ရ တယ်။အဲဒါကြောင့် ပြည်နယ်လွှတ်တော်အမတ်လောင်းဖြစ်ဖို့ မက်ကြတာ”ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၁-၂၀၁၆ခုနှစ်တွင် မွန်ပြည်နယ်လွှတ်တော်အတွင်းရှိ ပြည်ခိုင်ဖြိုး အမတ်များသည် မိမိဘာသာ ဆွေမျိုးသားချင်းအမည်ဖြင့် ကုမ္ပဏီထောင်ခြင်း သို့မဟုတ် ကုမ္ပဏီပိုင် ရှင်များက ကုမ္ပဏီရှယ်ယာပေးခြင်းကို လက်ခံကာ မိမိမဲဆန္ဒနယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ကိုင်ခွင့်ရရန် ကြိုးစားခြင်းဖြင့် စီးပွားဖြစ်ခဲ့ကြကြောင်း သိရသည်။
“အဲဒီတုန်းက အမတ်က ပြည်နယ်ဝန်ကြီးတွေနဲ့ ပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကိုယ့်ကုမ္ပဏီ ဒါမှမဟုတ် ကိုယ့်ပါတနာကုမ္ပဏီ လုပ်ကိုင်ခွင့်ရဖို့ လုပ်တယ်။အလုပ်ရရင်လည်း ကိုယ့်အတွက်များ များကျန်အောင် ဖြစ်သလိုလုပ်တယ်။အလုပ်ကို စစ်တဲ့အထဲ အမတ်ကလည်း ပါတော့ ကိုယ့်အလုပ် ကိုယ်ပြန်စစ်ရသလိုမျိုးပဲလေ။အလုပ်စစ်တဲ့အထဲပါတဲ့ တခြားသူတွေကို နည်းနည်းပေးစားလိုက် တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့သော အတွေ့အကြုံများရှိခဲ့သောကြောင့် ပြည်နယ်လွှတ်တော်အ မတ် လောင်းဖြစ်အောင် ကြိုးစားကြခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးအမတ်လောင်းတိုင်းက ၎င်းတို့သာ ရွေး ကောက်ပွဲ၌ အနိုင်ရမည်ဟု ထင်နေကြကြောင်း သိရသည်။
“ကြံ့ဖွတ်တွေက ဘယ်ပါတီကိုမှ ဝေစုခွဲမပေးချင်ဘူး။သူတို့ချည်းပဲ အနိုင်လိုချင်တယ်။သူတို့ပဲ နိုင်ကို နိုင်ရမယ်လုပ်နေတယ်။မနိုင်ရင် ၂၀၁၀တုန်းကလို ကြိုတင်မဲတွေဘာတွေနဲ့ ကလီကမာလုပ်မလားပဲ” ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အောင်ကြည်သိန်း၏ တပည့်ရင်းဖြစ်ပြီး လိုင်းကြေးငွေလည်း အရှာကောင်းသည့် မော်လမြိုင်ပြည်ခိုင် ဖြိုးပါတီဥက္ကဌ၊လက်ရှိ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တင်ချိုသည် မွန် ပြည်နယ်လွှတ် တော်၊အချိုးကျကိုယ်စားပြုစနစ်(မဲဆန္ဒနယ်အမှတ်၁)တွင် ပြည်ခိုင်ဖြိုးပါတီအမတ် လောင်းအဖြစ် ရွေးချယ်ခံခဲ့ရပြီး ချောင်းဆုံပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ လက်ရှိ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်းမှာမူ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်အမတ် လောင်းအဖြစ် ရွေးချယ်ခံထားရသည်။
“မျိုးဝင်းက တင်ချိုလောက် ငွေမရှာနိုင်ဘူး။ဝန်ကြီးချုပ်ဆီ လစဉ်ပေးရတဲ့ ဆက်ကြေးလည်း ပေးတာ နည်းမှာသေချာတယ်။ဝန်ကြီးချုပ်ရဲ့ လက်ရင်းတပည့်လည်း မဟုတ်ဘူး။အဲဒါကြောင့် မြို့နယ်ကြံ့ဖွတ် ဥက္ကဌမို့ အမတ်လောင်းထည့်ပေးပေမဲ့ နေပြည်တော်ကို ပို့လိုက်တာ”ဟု ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူက ဆိုသည်။
တင်ချိုမှာ မော်လမြိုင်မြို့ပေါ်ရှိ တရားမဝင်စီးပွားရေးလုပ်ငန်းမျိုးစုံကို ကိုင်တွယ်ကာ လိုင်းကြေးရယူ နေသူဖြစ်ပြီး တရားမဝင်ရွေးကောက်ပွဲအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်မည်ဟုပင် ပြည်ခိုင်ဖြိုးအသိုင်းအဝိုင်းကြား သတင်းကြီးလျက်ရှိသည်။
စာတည်း-ML
