မလှိုင်မြို့မဈေး ကထိန်ပွဲတွင် လူငယ်၁၀ဦးထက်မနည်း ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့၊ မြို့မဈေးကထိန်တွင် စစ်တပ်က လူငယ်၁၀ထက်မနည်းကို ပေါ်တာဆွဲခဲ့ ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ရက်၊ မွန်းလွဲပိုင်းတွင် မလှိုင်မြို့မဈေးကထိန်ပွဲကို လာရောက်ကြသော လူငယ်များကို စစ်တပ်က အရပ်ဝတ်ဖြင့် ပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ယက် – မလှိုင်မြို့ထံက သိရသည်။

” ၁၀ယောက်ကျော်ပါသွားတယ်။ ကထိန်ကတော့ ပျက်မသွားပါဘူး ” ဟု လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် အမျိုးသားများဖြစ်ကြပြီး မည့်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း မလှိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

” မလှိုင်မြို့မဈေးက မြို့လယ်မှာရှိတာ။ အဆွဲခံရတာတော့ သေချာပါတယ်။ ဘယ်လိုပုံစံနဲ့ ဝင်ဆွဲ သွားလဲတော့ သေချာမသိရဘူး။ ကထိန်ပွဲပျက်လောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဝင်ဆွဲတာတော့ မဟုတ်ဘူးဗျ ” ဟု ၎င်းကပြောသည်။
မလှိုင်မြို့နယ်အတွင်း ကင်းထောက်လေယာဥ်နှင့် စက်တပ်လေထီးများ ဆက်တိုက်ဆိုသလို ပျံဝဲနေသောကြောင့် ဒေသခံများ လေကြောင်းရန်စိုးရိမ်နေကြကြောင်း ၎င်းကပြောသည်။

လူထုသတင်းကွန်ယက် – မလှိုင်မြို့ကလည်း ကထိန်ကာလအတွင်း လူစုလူဝေးမလုပ်ကြရန် နှင့် လေကြောင်းအန္တရာယ် ကျရောက်လာပါက ရှောင်ရှားကြရန် အောက်တိုဘာ ၂၂ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

စာတည်း-ML