Reuters
အမေရိကန်အစိုးရက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Rosneft နှင့် Lukoil တို့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးများက ရုရှားရေနံဝယ်ယူမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်အများအပြားက အောက်တိုဘာ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ယူကရိန်း၏ ခရိုင်းမီးယားဒေသအား ကျူးကျော်မှုအတွက် ချမှတ်ထားသော အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို လိုက်နာရန်အတွက် ရုရှားရေကြောင်းမှ ရေနံအများဆုံးဝယ်ယူသူဖြစ်သည့် အိန္ဒိယနိုင်ငံရှိ ရေနံချက်စက်ရုံများကလည်း ရေနံစိမ်းတင်သွင်းမှုများကို သိသာထင်ရှားစွာ လျှော့ချရန် စီစဉ်လျှက်ရှိသည်။
ရုရှား၏ အကြီးဆုံး ဝယ်ယူသူနှစ်ဦးထံမှ ရေနံဝယ်လိုအား သိသိသာသာ ကျဆင်းခြင်းသည် ရုရှားအစိုးရအတွက် ရေနံမှရသော ဝင်ငွေအပေါ် ဖိအားဖြစ်စေမည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း တင်သွင်းသူများကိုလည်း အခြားရွေးချယ်စရာ ထောက်ပံ့မှုများ ရှာဖွေရန် တွန်းအားပေးမည်ဖြစ်ကာ ကမ္ဘာ့စျေးနှုန်းများကိုလည်း မြင့်တက်စေမည်ဖြစ်သည်။
တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်ကြသည့် PetroChina (601857.SS)၊ Sinopec၊ CNOOC နှင့် Zhenhua Oil တို့သည် အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ စိုးရိမ်သောကြောင့် ရေတိုကာလအတွက် ပင်လယ်ရေကြောင်းမှ ရုရှားရေနံရောင်းဝယ်ခြင်းကို ရှောင်ကြဉ်ကြမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါ တရုတ်ကုမ္ပဏီ ၄ ခုက မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။
တရုတ်နိုင်ငံသည် ပင်လယ်ရေကြောင်းမှ ရုရှားရေနံအား တစ်နေ့လျှင် စည်ပေါင်း ၁.၄ သန်းခန့် တင်သွင်းနေသော်လည်း၊ အများစုကို ကိုယ်ပိုင်ရေနံချက်စက်ရုံများက ဝယ်ယူကြသည်။
Vortexa Analytics ၏ အဆိုအရ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများ၏ ရုရှားရေနံဝယ်ယူမှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမ ကိုးလတာကာလအတွင်း တစ်ရက်လျှင် စည်ပေါင်း ၂၅၀,၀၀၀ အောက်သာ ရှိခဲ့ပြီး၊ စစ်တမ်းကောက်ယူရေးအဖွဲ့ Energy Aspects ကမူ တစ်ရက်လျှင် စည်ပေါင်း ၅၀၀,၀၀၀ ရှိသည်ဟု ခန့်မှန်းခဲ့သည်။
Sinopec (600028.SS) ၏ ကုန်သွယ်ရေးဌာနခွဲဖြစ်သော Unipec သည် ပြီးခဲ့သည့်အပတ်က ဗြိတိန်နိုင်ငံက Rosneft နှင့် Lukoil အပြင် အရိပ်အဖွဲ့သင်္ဘောများနှင့် တရုတ်နိုင်ငံပိုင် အကြီးစားရေနံချက်စက်ရုံတစ်ခုအပါအဝင် တရုတ်လုပ်ငန်းများအား သတ်မှတ်ဖော်ပြခဲ့ပြီးနောက် ရုရှားရေနံဝယ်ယူမှုများကို ရပ်ဆိုင်းခဲ့ကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်။
Rosneft နှင့် Lukoil တို့သည် ၎င်းတို့၏ ရေနံအများစုကို ဝယ်ယူသူများနှင့် တိုက်ရိုက်ဆက်သွယ်ရောင်းချခြင်းထက် ကြားခံပွဲစားများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချနေကြကြောင်း ကုန်သည်များက ပြောကြားသည်။
တရုတ်နိုင်ငံသည် ပိုက်လိုင်းမှတစ်ဆင့် ရုရှားရေနံအား တစ်ရက်လျှင် စည်ပေါင်း ၉၀၀,၀၀၀ ခန့် တင်သွင်းလျက်ရှိပြီး၊ ယင်းအားလုံးသည် PetroChina သို့ ရောက်ရှိသည်။ ယင်းတင်သွင်းမှုသည် အရေးယူပိတ်ဆို့မှုများ၏ သက်ရောက်မှု အနည်းငယ်သာရှိနိုင်ကြောင်း ကုန်သည်အများအပြားက ပြောကြားသည်။
အိန္ဒိယနှင့် တရုတ်တို့သည် အခြားထောက်ပံ့မှုများသို့ ပြောင်းလဲဦးတည်လာမည်ဖြစ်ရာ၊ ယင်းသည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိကတို့မှ အရေးယူပိတ်ဆို့မှု မရှိသော ရေနံများ၏ စျေးနှုန်းကို မြှင့်တင်ပေးလိမ့်မည်ဟု ကုန်သည်များက ဆိုသည်။
