The Nation
ရဲတပ်ဖွဲ့အား တိုင်ကြားမှုအပေါ် သုံးသပ်ရေးဘုတ်အဖွဲ့ (Police Complaint Review Board) က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ အကြီးအကဲဟောင်း ရဲချုပ် တော်ဆက်ဆူကဝီမိုနှင့် အရာရှိ ၂၀၀ ကျော်တို့အပေါ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စွဲချက်များ တင်လိုက်သည်။
အဆိုပါ ရဲအရာရှိများသည် အွန်လိုင်းလောင်းကစားဂိုဏ်းများထံမှ လာဘ်ယူခဲ့သည်ဟု ထိုင်းနိုင်ငံ၏ ထင်ရှားသောရှေ့နေတစ်ဦးဖြစ်သူ စစ်တြာ ဘီအာဘွန်ကာ့ဒ်က ၂၀၂၄ ခုနှစ် မတ်လတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားမှုအပေါ် ၇လကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ရာတွင် ဘုတ်အဖွဲ့သည် ဌာနအသီးသီးမှ စာရွက်စာတမ်းများကို စုဆောင်းကာ နှစ်ပေါင်းများစွာ ယင်းကဲ့သို့ လာဘ်ယူခဲ့သည့် ဖြစ်ရပ်များကို အသေးစိတ်ပြန်လည်သုံးသပ်ခဲ့ပြီးနောက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စွဲချက်များ ဆက်လက်ဆောင်ရွက်ရန် လုံလောက်သော သက်သေအထောက်အထားများရှိသည် ဟု အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆကလက်၍ ရဲချုပ်ဟောင်း တော်ဆက်နှင့် ပါဝင်ပတ်သက်သော အခြားအရာရှိများအား စွပ်စွဲချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန် အခွင့်အရေး ပေးအပ်သွားမည်ဖြစ်သည်။ ၎င်းတို့၏ တုံ့ပြန်ချက်များကို ဘုတ်အဖွဲ့က ပြန်လည်သုံးသပ်ပြီးနောက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်ဒဏ်၏ ပြင်းထန်မှုကို ဆုံးဖြတ်မည်ဖြစ်သည်။ ထို့နောက် အဆိုပါအမှုကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ထံသို့ ပိုမိုအရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးပို့မည်ဖြစ်သည်။
သို့သော် အမှုအသွားအလာကို ပြောင်းလဲနိုင်မည့် သက်သေအထောက်အထားအသစ်များ သို့မဟုတ် ထင်ရှားသော ပြန်လှန်ချေပမှုအသစ်များ ပေါ်ပေါက်လာခြင်းမရှိပါက ထိုင်းဘုရင့်ရဲတပ်ဖွဲ့အနေဖြင့် ထပ်မံစုံစမ်းမှုများကို လုပ်ဆောင်နေမည်မဟုတ်ပေ။
စွဲချက်တင်ခံရသူ အားလုံးအတွက် တရားမျှတမှုရှိစေရန် မိမိတို့ကျင့်ဝတ်နှင့် ဝတ္တရားကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။
