ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း ခရီးသွားပြည်သူများကို စစ်ကော်မရှင်ဖမ်းဆီး၍ ကန့်ဘလူတွင်အင်အားဖြည့်တင်းနေဟုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကော်မရှင်က ယခုအောက်တိုင်ဘာလအတွင်း ခရီးသွားပြည်သူများအားဖမ်းဆီး၍ ကန့်ဘလူတွင်အင်အားဖြည့်တင်းမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။

အဆိုပါဖမ်းဆီးမှုများကို ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်နှင့်ပျူစောထီးပူးပေါင်းဂိတ်များက အများဆုံးပြုလုပ်နေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို ကန့်ဘလူ(၆၀၀၆) တင့်ကားတပ်ရင်းသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ကောလင်းဒေသခံသတင်းရင်းမြစ်တစ်ဦးက MPAကိုပြောသည်။

” အရင်ကတော့ ကန့်ဘလူနားကရွာတွေပဲဆွဲတာ။ က ခရီးသွားတွေပါ ဆွဲတာ။ ကောင်မလေးတွေပါ ဖမ်းတယ်ကြားတယ်။ ခြုံလိုက်ရင် ကန့်ဘလူ ၆၀၀၆ မှာ အင်အားစုတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကလည်း လွင်ကြီးရွာက ရွာသား ၃၀လောက်အဖမ်းခံရတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၁ရက်ကလည်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားနေသည့် အသက်၂၀ ကျော်အရွယ်အမျိုးသမီး ၅ဦးကို ကန့်ဘလူမြို့နယ်အတွင်းရှိ စံပယ်နံ့သာစစ်ကော်မရှင်နှင့်ပျူစောထီးပူးပေါင်းဂိတ်က ဖမ်းဆီးမှုပြုလုပ်ခဲ့သေးသည်။

ကန့်ဘလူ (၆၀၀၆)တပ်ရင်းသည် ယခုတော်လှန်ရေးကာလတွင် ပျူစောထီးခေါင်းဆောင်ဝါသဝ၏ တပ်ရင်းဟုလူသိများပြီး ယခင်ကလည်း ပြည်သူများအားဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းခဲ့ကာ အနယ်နယ်အရပ်ရပ်ရှိ စစ်မြေပြင်များသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

” ဒီလ ၂၀နဲ့ ၂၁ရက်နေ့မှာ ကန့်ဘလူ၆၀၀၆ကနေ ဝန်းသိုခလရ (၁၁၁)ထဲကို Mi-17နဲ့ ၈ခေါက်ပို့သေးတယ်။ အခုက အင်အားမလျော့အောင် ထပ်ဆွဲနေတဲ့သဘောလို့တော့ထင်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPAသို့ပြောသည်။

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကော်မရှင်က ယခုလို ဖမ်းဆီးမှုများကိုပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အကြောက်တရားဖြင့်ခရီးသွားလာနေရပြီး သေရေးရှင်ရေးနှင့်ကျန်းမာရေးကိစ္စများအတွက်သာ ခရီးသွားလာမှုရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

” ကုန်သည်တွေ၊ စျေးသည်တွေဆိုလည်း လူကိုယ်တိုင်မလိုက်ရဲကြတော့ တန်ဆာခစျေးကြီးပေးပြီး အရောင်းအဝယ်လုပ်ကြတော့တာ။ ဒီကာလမှာ တန်ဆာခစျေးကြီးတာလည်း မမြင်ကြတော့ဘူး “ဟု ကောလင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် ယခုလပိုင်းအတွင်း စစ်ရေး အေးနေသည့်အခြေအနေတွင်ရှိပြီး ရွှေဘို-မန္တလေးလမ်းပိုင်းတွင်မူ တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကာ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

စာတည်း-ကိုဆန်း