ပခုက္ကူတွင် စစ်တပ်၏ဗုံးကြဲမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ - အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်
ပုံစာ - မကွေးတိုင်း တစ်နေရာရှိ စစ်ရှောင်ပြည်သူများကို တွေ့ရစဉ် ( ပုံဟောင်း )

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့( အောက်တိုဘာ ၂၄ရက်)၊ ‌ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ပခုက္ကူမြို့နယ်၊ ထန်းတပင်ကျေးရွာကို ပခုက္ကူတပ်မ ၁၀၁ မှ တက်လာ‌သော စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

” ဗုံးနှစ်လုံးကြဲပြီးတော့ စက်သေနတ်တွေနဲ့ ပစ်သွားတာပါ။ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေတယ်။ ‌ဒဏ်ရာရရှိတဲ့နှစ်ယောက်ကလည်း အမျိုးသမီးတွေပါဘဲ။ ဗုံးစမှန်ကြတာပါ ” ဟု ပခုက္ကူမြို့နယ်ရှိ သတင်းရင်းမြစ်က MPAသို့ ပြောသည်။

လက်ရှိ ပခုက္ကူမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်း နှစ်ကြောင်းဝင်ရောက်လျက်ရှိပြီး ပြည်သူများလည်း စစ်ဘေးရှောင်နေရကြောင်း ၎င်းက ပြောသည်။

” စစ်ကြောင်းတစ်ကြောင်းက ညောင်ဂျစ်ပင်ပျူရွာဘက်ကနေ ပြည့်အိုင်ရွာဘက်ကို ရောက်နေတယ်။ နောက်တစ်ကြောင်းက ငဖောင်ကန်ရွာဘက်မှာလို့ သိရပါတယ်။ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းများကြောင့် ထန်းတပင်ကျေးရွာ အပါအဝင် ပြည့်အိုင်၊ ဝါးကျွန်းကွင်း၊ ဖောင်းကွဲ၊ ဖောင်းကျောင်း၊ ရေမျက်၊ ရွာသာအေး၊ ရေလာကြီး စသည့် ကျေးရွာများမှ ပြည်သူများတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထန်းတပင်ရွာသည် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာ၏ ၂မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

စာတည်း- ML