မြန်မာ့ပညာရေးကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလရင်ပြင်၌ ပြောကြားလိုက်သည်။
အောက်တိုဘာ၂၄ရက်၊ပညာသင်ကြားခွင့် ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂတွင် ကျင်းပသည့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို ယင်းသို့ ဖျက်ဆီးနေ ခြင်း နှင့် သင်ကြားရေးအဆောက်အအုံများကို စစ်ရေးရည်မှန်းချက်များအတွက် တိုးမြှင့်အသုံးချလာ ခြင်းတို့မှာ မျိုးဆက်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဓားပြတိုက်ယူရာရောက်ကြောင်း လည်း ဆို သည်။
“ကလေးငယ်တွေကို သတ်နေတာတွေ၊စာသင်ကျောင်းတွေ၊ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုဆိုတဲ့ အရက်စက်ဆုံး၊အယုတ်ကန်းဆုံးလုပ်ရပ်တွေကို စစ်တပ်က အလွယ်တကူပဲ ထမင်းစားရေသောက် ရည်ရွယ်ချက်ရှိရှိလုပ်နေတာဟာ မတတ်သာလို့ အကြမ်းဖက်လိုက်ရတာမျိုးမဟုတ်ဘူးဆိုတာ နိုင်ငံ တကာက မမြင်ချင်ယောင်ဆောင်တာတွေ ရပ်တန်းက ရပ်ဖို့လိုပါပြီ။အဲဒီလို အကြမ်းဖက်ရတာကို ခံတွင်းတွေ့နေတဲ့ ပရော်ဖယ်ရှင်နယ်အကြမ်းဖက်သမားတွေကို ကျောသပ်ရင်သပ်လုပ်လို့မရဘူးဆို တာကိုလည်း လက်ခံသင့်ပြီ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။
စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စစ်မက်လှုပ်ရှားမှုတွင် အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု၌ ပါဝင်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထောင်ချခြင်းတို့ ပါဝင်ပြီး စာသင်ကျောင်းများကို သိမ်းယူခြင်း၊ ကျောင်းအဆောက်အအုံများကို စစ်စခန်းများအဖြစ် အသုံးချခြင်းနှင့် စာသင်ကျောင်း များအား တိုက်ခိုက်ခြင်းတို့ကိုလည်း ကြိမ်ဖန်များစွာ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆိုသည်။
ယခုအခါ လူငယ် ၁၀ ဦးလျှင် ၄ ဦးနှုန်းဖြင့် ပြည်တွင်းမှ စွန့်ခွာရွှေ့ပြောင်းနေပြီး ကျောင်းနေအရွယ် ကလေး ၄၇ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်လျက်ရှိကာ ၇ သန်းခန့်သော ကျောင်းနေအရွယ် ကလေးသူငယ်များမှာ ကျောင်းထွက်ထားသောကြောင့် မျိုးဆက်တစ်ခုစာ ဆုံးရှုံး ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ်၊ သြဂုတ်အထိ ကလေးသူငယ် ၁,၂၀၀ ကျော်နှင့် လူငယ် ၂,၅၀၀ ကျော်မှာ စစ်အုပ်စု၏ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် ကလေးသူငယ်များမှာ ဗုံးခိုကျင်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင် သည့် စာသင်စခန်းများတွင် ကျားကုတ်ကျားခဲ ပညာသင်ကြားနေရ ကြောင်း သံအမတ်ကြီးက ပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စာသင်ကျောင်းများကို စစ်စခန်းများအဖြစ် စစ်အုပ်စု အသုံးချနေခြင်းအား ရပ်တန့်စေရန်၊ လူငယ်များ၏ အသက်အိုးအိမ်နှင့် အနာဂတ်ကို ခိုးယူနေသည့် အဓမ္မ တပ်သားစုဆောင်းမှု ရပ်တန့်စေရေး တောင်းဆိုပေးရန်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်း ကြုတ်မှုများ ဆက်လက်ကျူးလွန်စေရန် လိုင်စင်ပေးအပ်ရာရောက်မည့် ၎င်းတို့ ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ရန်လည်း တောင်းဆိုလိုက်သည်။
စာတည်း-ML
