ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ် တိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်း သေဆုံးပြီးနောက် စစ်ကြောင်း ဆုတ်ပြေးသွားကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက်၊ နံနက် ၈ နာရီခန့်မှစတင်၍ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ မှ ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်တို့ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“၇၃ တပ်ရင်းကထွက်လာတာ။ အင်အားက ၁၀၀ တော့ကျော်မယ်။ ထိတွေ့တိုက်ပွဲ တစ်နာရီလောက်တော့ ဖြစ်လိုက်တယ်။ ဖြစ်ပြီးတော့ ဇရပ်ကြီး ၇၃ ကိုပဲ သူတို့ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က အထိအခိုက်အကျအဆုံးများတယ်။ ၈ ဦးထက်မနည်းသေတယ်။ အလောင်းနဲ့သေနတ်တော့ ကောက်မရခဲ့ဘူးလေ။ သူတို့နယ်မြေနား ဖြစ်နေတော့”ဟု ၎င်းက MPA သို့ပြောသည်။
ယင်းထိတွေ့တိုက်ပွဲပြီးနောက် ဘုမ္မတီးရွာနှင့် ၄မိုင်ခန့်သာဝေးသည့် ဇရပ်ကြီးမြို့ အခြေစိုက် ခလရ ၇၃ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဒရုန်းနှင့်ဗုံးချခြင်းများ လည်း ရှိကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာ ၂၄ ရက်တွင်ပင် ခလရ ၇၃ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ် တပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း အောက်တို ဘာ၂၄ရက်တွင် ခရီးသွားပြည်သူတစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေး တပ်များက ကန့်သတ်ထားသော နေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်းတောင်ငူခရိုင် အမှတ် ၂ တပ်ရင်း P23502 မှ ယနေ့(အောက်တိုဘာ ၂၅ ရက်) သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် လက်နက်ကြီးသံကြားပါက လုံခြုံသော အကာအကွယ်ရှိသည့်နေရာတွင် လက်နက်ကြီး ကွဲပြီးသည်အထိ အကာအကွယ်ယူ နေထိုင်ကြရန်နှင့်လေယာဉ်သံ ကြားပါက ထွက်မကြည့်ကြဘဲ အကာအကွယ်ယူ နေထိုင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
ယင်းထိတွေ့တိုက်ပွဲနှင့်ပတ်သက်ပြီး တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း P23502 ထံ MPA က ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
