စစ်ကော်မရှင် စစ်ကြောင်းထိုးနေမှုကြောင့် မွန်ပြည်နယ်ရှိ ရော်ဘာအစေးခြစ်ရာသီအစမှာပင် လုပ်သားခေါ်ယူမရ‌ဖြစ်နေ

မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ရော်ဘာအစေးခြစ်ရာသီအစ၌ပင် လုပ်သားခေါ်ယူရန် အခက်အခဲဖြစ်နေကြောင်း ရော်ဘာစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။

ယခုလအစောပိုင်းမှ စတင်ကာ စစ်ကော်မရှင်သည် အင်အားထောင်ချီအသုံးပြုပြီး ရေး-သံဖြူဇရပ်လမ်းတလျှောက်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာများအတွင်း ဝင်ရောက်ခြင်း၊ ဥယျာဉ်ခြံမြေများ၌ နေရာယူတပ်စွဲမှုများကို ပြုလုပ်နေသည့်အပြင် အရပ်သားများကို ဖမ်းဆီး အထုပ်အပိုး သယ်ဆောင်ခိုင်းခြင်း၊ ထမင်းဟင်းချက်ခိုင်း ခြင်းများနှင့် လူသားဒိုင်း အသုံးပြုခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ အချဉ်းအရာများကြောင့် အလုပ်သမားများသည် ဥယျာဉ်ခြံထဲ သွားလာအလုပ်လုပ်ကိုင် မရဲဖြစ်နေသည့်အတွက် လုပ်အားခပိုပေးခေါ်ယူသော်လည်း လာရောက်လုပ်ကိုင်သူများမရှိဖြစ်နေကြောင်း ရေးမြို့နယ်တွင် ရော်ဘာစိုက်ဧက ၃၀ ကျော်ပိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ လက ကျတော်တို့ ရေးမှာ တော်တော် ဖမ်းခံလိုက်တာလေ၊ အဲဒီမှာ အလုပ်သမားတွေက အရမ်း ကြောက်သွားတာ၊ သူတို့ (စစ်သား)တွေ ရွာထဲမပြောနဲ့ ခြံထဲဝင်တယ်။ တွေ့တဲ့သူတွေကို ဖမ်းနေတာဆိုတော့ ဘယ်လုပ်ရဲကြမလဲ၊ အခု ကျတော်ခြံ အစေးခြစ်လို့ရနေပြီး အပင်တိုင်း မခြစ်နိုင်သေးဘူး၊ အလုပ်သမားမှ မရှိတာ” ဟု ၎င်းက ပြောသည်။

ရော်ဘာအစေးခြစ်လုပ်သားများ ခေါ်ယူရာတွင် ဒေသတွင်း လုပ်သားများထက် ရွှေ့ပြောင်းလုပ်သားများကို အဓိကခေါ်ယူကြပြီး ပုတ်ပြတ်၊ အပင်လိုက်နှင့် ထက်ဝက်စား ပုံစံများဖြင့် အစေးခြစ်လုပ်ကိုင်ကြသည်။

စစ်တပ်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေများကြောင့် အလုပ်သမားအများစု ပြည်ပထွက်ခွာပြီး သွားရောက် အလုပ်လုပ်ကိုင်မှုများကြောင့် ရော်ဘာလုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

ထို့ပြင် အလုပ်သမားခေါ်ယူရန် အခက်အခဲတစ်ခုတည်းမဟုတ်ဘဲ ကျွမ်းကျင်လုပ်သား ရှားပါးမှုများကိုလည်း ကြုံတွေ့နေရကြောင်း သံဖြူဇရပ်မြို့နယ်တွင် ရော်ဘာစိုက်ဧက ၂၀ ပိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ကျွမ်းကျင်လုပ်သားရရင် မြန်တာပေါ့၊ အလုပ်တွင်တယ် မရှိတော့ဘူး။ ပြည်ပထွက်ကုန်ပြီ အခုတောင် ခြံမှာ အလုပ်သမား မိသားစု ၄ ယောက်နဲ့ ချနေရတာ၊ ခက်တာက လူငယ်တွေ မနေရဲကြတော့တာ။ ဒါတောင် လူကြီးပိုင်းတွေ ခေါ်တယ်၊ မလွယ်ဘူး၊ ပိုပေးလည်း မရဘူး၊ အခြေအနေကို ဆိုးလာတာပေါ့” ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူပါက နယ်မြေဖြတ်ကျော်သွားလာခွင့်အကန့်အသတ်များ၊ ဧည့်စာရင်း ကိစ္စများ အပြင် ခြံအတွင်း ညမအိပ်ရန်၊ အိုးခွက်ပန်းကန် မထားရန်နှင့် တရက်စာရိက္ခာ သာယူဆောင်ထားရန် စစ်တပ်က ကန့်သတ်မှုများကြောင့် အခက်အခဲများစွာ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ရော်ဘာအစေးခြစ်ရာသီသည် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလအစောပိုင်းတွင် စတင်လေ့ရှိနေပြီး ယခုနှစ်တွင် ရာသီဥတုကြောင့် အထွက်နှုန်းကျဆင်းနေသည့်အတွက် နောက်ကျခြစ်သူများ ရှိနေသည်။

လက်ရှိ နေလှန်းရော်ဘာတပေါင် ၂၃၀၀ ကျပ်၊ မှိုင်းခံတပေါင် ၂၇၀၀ ကျပ်နှင့် RSS-3 တပေါင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးနှုန်းသည် အကျဘက်ကို ဦးတည်နေကြောင်း ရော်ဘာရောင်းဝယ်ဒိုင်းများက ပြောသည်။

“အလုပ်သမားကလည်း ရှားတယ်၊ ခေါ်လည်းမရတော့ဘူး၊ အထွက်နှုန်းကလည်းကျ၊ ဈေးကလည်း မရှိဆိုတော့၊ ဒီအတိုင်းပဲ သွားရင်တော့ မလွယ်တော့ဘူး၊ နယ်မြေဒေသကလည်း မအေးချမ်း၊ စစ်ပွဲတွေလည်း ဖြစ်နေတုန်းပဲ၊ ရွာမှာလည်း မနေရဲတော့ဘူး။ နောက်နှစ်တွေကျရင် ဆက်လုပ်ဖို့တောင် စဉ်းစားစရာ ဖြစ်နေပြီး” ဟု ရေးမြို့နယ်မှ နောက်ထပ် ရော်ဘာခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် သွင်းအားစုကုန်ပစ္စည်းများဖြစ်ကြသည့် ဓါတ်မြေဩဇာ၊ အက်စစ်၊ ရော်ဘာခြံလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများသည် တစ်နှစ်ထက်တစ်နှစ် ဈေးအဆမတန်ကြီးမြင့်ဒဏ်ကို သိသိသာသာ ခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။

ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိသည့် မွန်ပြည်နယ်တွင် နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော်ထွက်ရှိကာ ထွက်ရှိလာသည့် ရော်ဘာများကို တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံအချို့ကို တင်ပို့နေသည်။

စာတည်း-ကိုဆန်း