ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အာရက္ခတပ်တော် AA က မိုင်း အလုံး ၃၀၀၀ နီးပါး ရှင်းပြီးသည့်တိုင် မိုင်းအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် တောင်ကုတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဧပြီဝန်းကျင်မှစ၍ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်ရာ၌ မိုင်းအကြွင်းအကျန်များကြောင့် စိုးရိမ်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
” တောင်ကုတ်မြို့နယ်ထဲမှာ မိုင်း ၃၀၀၀နီးပါး ရှာဖွေရှင်းလင်းထားပြီလို့ မြို့နယ်တွင်းမှာ ကြေညာ ထား ပါတယ်။ ဒီကြားထဲ မိုင်းတွေ့ရင်လည်း AA က လာရှင်းပေးတယ်။ အခုက ဘယ်နေရာမဆို မြေကြီးကို သတိထားပြီး နင်းကြရတာပါ ” ဟု တောင်ကုတ်မြို့ သတင်းရင်းမြစ်က MPA ကို ပြောသည်။
မိုင်းအန္တရာယ်ကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သည့် နေရာများနှင့် တိုက်ပွဲနှင့်အလှမ်းဝေးသည့် စိုက်ပျိုးမြေများတွင် တနိုင်သာ စိုက်ပျိုးနေရကြောင်း ၎င်းက ပြောသည်။
” ခရမ်းသီး၊ သခွားသီး၊ ငရုတ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေစိုက်ကြတယ်။ အဓိကက ငရုတ်သီးနဲ့ ခရမ်းသီးပေါ့။ ဒါတွေက ရခိုင်လူမျိုးတို့အတွက် မရှိမဖြစ် အစားအစာဖြစ်တယ်။ စီးပွားဖြစ် အထိ မလုပ်နိုင်သေးပါဘူး။ သွားလာရေးခက်ခဲမှုကြောင့်။ ကိုယ့်မြို့ကိုယ်ပဲ ဗဟိုပြုပြီး ရောင်းချနေရတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ်တွင် တောင်ယာငရုတ်သီး အထွက်နှုန်းတိုးခဲ့ပြီး ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
” အရင်က ရခိုင်ရိုးမပေါ်မှာ စိုက်ကြတာ။ ဒီနှစ်မှာတော့ ကင်းတောင်တိုက်နယ်မှာလည်း တိုးစိုက်ပါတယ်။ အရင်ကဆို ပြည်ပကို တင်ပို့ရောင်းချရတယ်။ ခုကကျ တနိုင်ပေါ့။ ကိုယ့်ဟာကိုယ်ပဲ ဈေးမှာ လက်လီလက်ကားသွားရောင်းကြတာ ” ဟု ၎င်းကဆိုသည်။
တောင်ကုတ် ပြည်သူများသည် ငါးရှာခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် ဆန်စပါးစိုက်ပျိုးခြင်းတို့ လုပ်ကိုင်နေကြပြီး အပြန်အလှန် လဲလှယ်ကာ စားသောက်နေကြကြောင်း သိရသည်။
တောင်ကုတ်မြို့ကို ၂၀၂၄ခု၊ နိုဝင်ဘာ ၂၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး မြို့နယ်တစ်ခုလုံး၌ စစ်တပ် ကင်းစင်ကြောင်း ၂၀၂၅ခု၊ ဇန်နဝါရီ ၂၀ရက်၌ အာရက္ခတပ်တော် AA က ကြေညာခဲ့သည်။
စာတည်း-ML
ဓာတ်ပုံ – AA
ပုံစာ – တောင်ကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် AA တပ်သားများကို တွေ့ရစဉ်။
