နမ္မတူသို့ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ် ရှေ့ဆက်မတိုးနိုင်ဘဲ သီပေါနှင့် နမ္မတူကြားရှိ မိုးတေရွာမှာ သောင်တင်နေ

ပုံစာ-နမ္မတူမြို့ကို သိမ်းပိုက်ထားသည့် TNLA တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ သီပေါနှင့် နမ္မတူကြားရှိ မိုးတေရွာ၌ သောင်တင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ရှေ့ဆက်မတိုးနိုင်သည့် စစ်ကော်မရှင်တပ်သည် မိုးတေကျေးရွာ၌ အထိုင်ချတပ်စွဲပြီး ယမန်နေ့(အောက်တိုဘာ ၂၅ရက်)၊ ညနေ ငါးနာရီခန့်က မန်လီကျေးရွာကို ဒရုန်းအသုံးပြုပြီး ဗုံးငါးလုံးကြဲချခဲ့ကြောင်း သိရသည်။

“မိုးတေတံတားက ပျက်စီးသွားလို့ စစ်တပ်က ရှေ့ဆက်မတိုးနိုင်ဘဲ မိုးတေရွာမှာဘဲရှိသေးတယ်။ ဒီဘက်ကျော်ဖို့ မလွယ်တော့ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်တယ်။ ရွာထဲမှာတော့ ဒေသခံတွေ မရှိတော့ဘူး။ ရှောင်ကုန်ပြီ၊ လားရငိးဘက် ရှောင်တဲ့သူတွေရှိသလို ပန်သပြေရွာအနီးက ပိုက်လိုင်းနားမှာ သွားခိုလှုံတဲ့သူတွေလည်းရှိတယ်” ဟု မန်လီရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးတေရွာ၌ သောင်တင်နေသည့် စစ်ကော်မရှင်တပ်သည် မန်လီရွာသို့‌ ရောက်လာပါ နေအိမ်များကို မီးရှို့မည်ဟု တံတား တစ်ဖက်ကမ်းမှ အော်ဟစ်ကာ ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်တွင် စစ်ကော်မရှင်သည် သီပေါမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နမ္မတူမြို့သို့ ဆက်လက်ထိုးစစ်ဆင်လာခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ ရှေ့ဆက်မတိုးနိုင်သည့် စစ်ကော်မရှင်သည် ဒရုန်းနှင့် လက်နက်ကြီး လက်လှမ်းမမီသည့် နေရာများကို လေကြောင်း အသုံးပြုပြီး နမ္မတူမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်အပါအဝင် အရပ်သားလေးဦးသေဆုံးပြီး ၁၀ဦးခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

“နမ္မတူမြို့ထဲမှာတော့ ဗုံးကြဲခံရပြီးကတည်းက ဒေသခံတော်တော်များများရှောင်ကုန်ကြတယ်။ ရွာကဘက်အမျိုးရှိရင် ရွာဘက်ပြန်တဲ့သူလည်းရှိတယ်။ ခန့်မှန်း‌ေ‌ခြ လူ ငါးရာ ခြောက်ရာလောက် ရှောင်ကုန်တယ်။ အခုလောလောဆယ်တော့ မြို့ထဲမှာ ငြိမ်နေတယ်။ သွားလာတလည်း သိပ်တော့ မစည်တော့ဘူး။ မိုးတေတံတား ပျက်စီးနေတော့ စစ်တပ် ဒီဘက်ရောက်လာဖို့ ခက်မယ်ထင်တယ်။ ဒါပေမဲ့ စစ်ရေးဆိုတော့ သိပ်မပြောတတ်ဘူး” ဟု နမ္မတူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့တွင်လည်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ခံများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

“ကျတော့်အမြင်အရပြောရရင်တော့ စစ်တပ်က နမ္မတူဘက်ကို ထိုးနိုင်ခဲ့မယ်ဆိုရင် နမ့်ဆန်၊ မန်တုံလည်း အလွယ်တကူ ရသွားနိုင်တယ်။ အဲ့ဒါကြောင့် တအာင်းတပ်ဘက်ကတော့ အပြင်းထန်ဆုံး ခုခံရမဲ့ အခြေအနေတစ်ခုရယ်။ ပြီးတော့ ရှမ်းမြောက် မဟာမိတ် သုံးဖွဲ့ထဲမှာ တအာင်းတပ်ပဲ စစ်တပ်ကို ဦးတည်တိုက်ခိုက်နတာလို့ မြင်တယ်။ နောက်တစ်ခုက မိုးတေတံတား ပျက်စီးသွားလို့ စစ်တပ်က မြေပြင်မထိုးနိုင်သေးပေမဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ကျိန်းသေ ကြုံတွေ့ရအုန်းမှာ” ဟု နမ္မတူ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်တပ်ဗုံးကြဲမှုကြောင့် အောက်တိုဘာ ၁ရက်မှ ၂၄ရက်ထိ ကလေး ၁၀ဦး၊ အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၂၁ ဦးသေဆုံးခဲ့ပြီး သံဃာနှစ်ပါးအပါအဝင် ပြည်သူ ၆၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း