ဒိုက်ဦးထောင်တွင်းအခြေအနေ မိသားစုကိုပြောပြသည့် နိုင်ငံရေးအကျဉ်းသူများ တိုက်ပိတ်ခံထားရ

ဓာတ်ပုံ-CJ

ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်တွင် မိသားစုနှင့် ထောင်ဝင်စာတွေ့စဉ် ထောင်တွင်း အခြေအနေပြောပြ သော နိုင်ငံရေးအကျဉ်းသူများ တိုက်ပိတ်ခံထားရကြောင်း သိရသည်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းထောင်အလုပ်များ ခိုင်းစေနေပြီး ငြင်းဆန်သည့် သူများအား ထောင်အာဏာပိုင်များက ပစ္စည်းအရေအတွက် ကန့်သတ်ကာ ပါဆယ်ပို့ ခွင့်ပေးခြင်းနှင့် ထောင်ဝင်စာ တွေ့စဉ် ထောင်တွင်း နေထိုင်ရမှု အခြေအနေ ပြောပြသည့် နိုင်ငံရေး အကျဉ်းသူများအား တိုက်ပိတ်ခြင်းတို့ ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က ယနေ့(အောက်တိုဘာ ၂၇ ရက်) သတင်းထုတ်ပြန်သည်။

“တိုက်ပိတ်ခံထားရတဲ့ အရေအတွက် အတိအကျမသိရပါဘူးရှင်။ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသူတွေကို ခြိမ်းခြောက် ဖိနှိပ်မှုတွေများနေတော့ ဘယ်လိုမှ ဖွင့်မပြောရဲတဲ့ အခြေအနေဖြစ် နေ တယ်လို့ သိရပါတယ်ရှင်။ခြိမ်း‌ခြောက်ခံရတာကတော့ မိသားစုနဲ့တွေ့ခွင့် ပိတ်ပစ်လိုက်မယ်။ တိုက်ပိတ်အကျဉ်းချမယ်ဆိုတာတွေ အကျဉ်းထောင်ဥပဒေနဲ့ အရေးယူမယ်ဆိုတာတွေနဲ့ ခြိမ်းခြောက် ခံရတာတွေ ရှိပါတယ်ရှင်”ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)မှ သတင်းနှင့် ပြန်ကြားရေးတာ ဝန်ခံ မဆုမြတ်က MPA သို့ပြောသည်။

ဒိုက်ဦးထောင်တွင် ထောင်အလုပ်များ ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း ၊ ရေကန်များ သန့်ရှင်းရေး၊ ရေကန်အစောင့် (ဘာယာ) ၊ အကျဉ်းထောင်ဝန်ထမ်းများ အသုံးပြုသော မိလ္လာသန့်ရှင်းရေး၊ ညအချိန် အခန်းဘာယာစောင့်ခြင်း၊ အကျဉ်းထောင်ဆိုင်ရာ စာရင်းဇယား စသည့် အလုပ်များကို နိုင်ငံရေးအကျဉ်းသူများအား ခိုင်းစေနေကြောင်း သိရသည်။

ထောင်အလုပ်များ လုပ်ရန် ငြင်းဆန်သည့် နိုင်ငံ‌ရေးအကျဉ်းသူများကို အမျိုးသမီးဆောင် အဆောင်မှူး ဇင်မာကြည်အောင်က စက်တင်ဘာမှ စတင်၍ နှစ်ပတ်လျှင် တစ်ခါ ပို့ဆောင်ခွင့်ရသည့် ပါဆယ်အား ဟင်း ၂ မျိုး၊ ကော်ဖီ ၇ ထုပ်နှင့်ခေါက်ဆွဲ ၅ ထုပ်သာ ပေးပို့ခွင့်ပြုကြောင်း သိရသည်။

“လက်ရှိ ကျမတို့ စုံစမ်းသိရှိထားတဲ့ အရေအတွက် အရဆိုရင်တော့ ၁၀ ဦးကျော် ရှိပါတယ်ရှင့်။ ဒီထက် ပိုများနိုင်ခြေပဲရှိပါတယ်ရှင့်။တချို့နိုင်ကျဉ်းသူမိသားစုတွေက ထောင်ပြောင်း‌ရွှေ့အရမ်း များတော့ နိုင်ကျဉ်းသူတွေ ရောက်နေတဲ့နေရာကို မလိုက်နိုင်ကြတာများပါတယ်။ အဲ့ဒီအပေါ်မှာ ၃ လတစ်ခါမှ ပါဆယ်ပို့နိုင်သူတွေ၊ ၆ လတစ်ခါမှတွေ့နိုင်သူတွေလည်း ပါဝင်ပါတယ်။ ဒီလို အခြေအနေပေါ်မှာ ပါဆယ်ပို့ခွင့် ကန့်သတ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်ရှင်။အကျဉ်းထောင် ဥပဒေတွေကို လိုသလိုအသုံးချပြီး ပိတ်ပင်ပစ်တာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူ ၃၀၀ ခန့် ရှိပြီး ဆေးဝါးလုံလောက်မှုမရှိခြင်း ၊ အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာ ဆေးကုသပေးမှုမရှိခြင်း ၊ အမျိုးသမီးကျန်းမာရေးစောင့်ရှောက်သူမရှိခြင်းနှင့် ပြင်ပဆေးရုံများတွင် ဆေးကုသခွင့်မရခြင်း စသည့် ပြဿနာများလည်း တွေ့ကြုံနေရကြောင်း သိရသည်။