စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ မတိုင်မီ ပဋိပက္ခအားလုံးရပ်စဲရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့် ပတ်သက်ပြီး အာဆီယံခေါင်းဆောင်းများက ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်စာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါ စာတမ်းကို ယမန်နေ့(အောက်တိုဘာ ၂၆ရက်)က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတကာ ပွင့်လင်းမြင်သာမှုရှိရမည့်အပြင် အားလုံးပါဝင်နိုင်မှသာ ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ဆိုထားသည်။
“မလေးရှားမှာ စစ်ကော်မရှင်မပါဘဲ တော်လှန်ရေးအင်အားစု တော်တော်များများနဲ့ တွေ့ဆုံခဲ့တာရှိတယ်။ အဲ့ဒီလို တွေ့ဆုံခဲ့ရတဲ့ ရလဒ်တွေကို ဒီအာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်ပြခဲ့တယ်။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုကတော့ အလားအလာရှိပါတယ်” လို့ အာဆီယံဥက္ကဌဖြစ်သည့် မလေးရှားနိုင်ငံအစိုးရနှင့် တွေ့ဆုံခဲ့ရသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက အတည်ပြုထားသည်။
အာဆီယံခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ထားသည့် စာတမ်းတွင် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပိုမိုဆိုးရွားလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်များဟာလည်း ပိုမိုဆိုးရွားလာသည့်အပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးရက်ကို စစ်ကော်မရှင်က အကောင်အထည်ဖော်ရာတွင် အနှစ်သာရမရှိဘဲ၊ တိုးတက်မှု မရှိလာခြင်းကြောင့် စိုးရိမ်နေသည်ဟု ရေသားထားသည်။
ယင်းအပြင် အရပ်သားများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများစသည့် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး တင်းမာမှုများကို လျော့ချကာ အရပ်သားအားလုံးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဘေးလုံးလုံခြုံရေးကို အာမခံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းထားသည်။
“စစ်ကော်မရှင်က အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်တာမတွေ့တော့ အာဆီယံ အစည်းအဝေးတေါမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့် မပြုတာကို ဆက်လက်လုပ်ဆောင်တာက မြန်မာ့အရေးကို အာဆီယံက မေ့မထားဘူးဆိုတာကို မြင်ရပါတယ်။ မြန်မာ့အရေးကို မလေးရှားက တက်တက်ကြွကြွနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဘယ်လို ဆက်လုပ်မလဲဆိုတာက စိတ်ဝင်စားစရာပါ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
ဆက်လက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ရာတွင် နှစ်ရာသာရှိသော တိုးတက်မှုများမရှိပါက အာဆီယံ ထိပ်သီးအစည်းဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ရေးမပါဝင်သည့် ကိုယ်စားလှယ်များကိုသာ တက်ရောက်ခွင့်ပြုမည်ဟု ဆုံးဖြတ်ထားသည်။
“အခုစာတမ်းကတော့ အားရဖို့ကောင်းပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကတော့ စစ်ကော်မရှင်ကို အဆက်အသွယ်ဖြတ်တောက်တာ မပြုဘဲနဲ့ သံတမန်ရေးအရ ဖိအားပေးတာတွေကို ပိုတိုးမြှင့်မယ်လို့ ပြောလိုက်သလိုပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောသည်။
ယခု အာဆီယံခေါင်းဆောင်များ၏ စာတမ်းအရ လူသားချင်းစာနာမှု အကူအညီများ ပိုမိုရရှိနိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် အကူအညီများကို တရားဝင်ထောက်ခံခြင်းအပြင် စစ်တပ် ထိန်းချုပ်မှုမရှိသည့် ဒေသများရှိ ပြည်သူများကိုပါ အကူအညီများ ရောက်ရှိစေနိုင်မည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
အာဆီယံခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ၂၀၂၆ခုနှစ် တွင် ဖီလစ်ပိုင်နိုင်ငံသည် အာဆီယံ ဥက္ကဌတာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး ဖီလစ်ပိုင်နိုင်ငံပြီးပါက မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံကို ကျော်သွားမည်ဟု အတည်ပြုထားသည်။
