အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုသည် တော်လှန်ရေးအင်အားစများအား တိုက်ခိုက်မှုထက် ၂ ဆကျော် များကြောင်း သိရသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အပတ်စဉ်လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာများကို ၄ ပတ်တာ လေ့လာကြည့်ရာ၌ ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုသည် တော်လှန်ရေးအင် အားစုများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်း တိုက်ခိုက်ခြင်း နှစ်ခု စုစုပေါင်းဖြစ်စဉ်များထက် ၂ ဆကျော်များနေသည်က များပြီး အပတ်စဉ်ပြည်သူ သေဆုံးမှုမှာလည်း အယောက် ၂၀ ကျော်သည်က များကြောင်း တွေ့ရသည်။
“ကျနော့်အမြင်ပြောရရင် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာနေတဲ့ ပြည်သူ တွေကို ပြည်သူလို့မမြင်ဘဲ ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်နေတာကြောင့်ပါပဲ။တော်လှန်ရေးနယ် မြေထဲက ပြည်သူတွေ အနေအထိုင်ပျက်မယ်၊စီးပွားပျက်မယ်၊သေကြေဒဏ်ရာရတယ်ဆိုတာ သူတို့ အတွက်(စစ်တပ်)အမြတ်ထွက်တယ်လို့ ယူဆတယ်။ဘာလို့လဲဆိုတော့ ပြည်သူတွေသေကြေအတိဒု က္ခရောက်ရင် အဲဒီပြည်သူတွေရဲ့ ဝန် တော်လှန်ရေးတပ်ပေါ် ပိကျလာမယ်လို့ ယူဆတာကိုး”ဟု မုံရွာ အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁၇-၂၃ ရက်အတွင်း ပြည်သူ ၂၃ ဦးသေ၊ ၅၂ ဦးဒဏ်ရာရခဲ့ပြီး အောက်တိုဘာ ၁၀-၁၆ ရက်အတွင်း ပြည်သူ ၁၃ ဦးသေ၊ ၆၄ ဦးဒဏ်ရာရခဲ့ကာ အောက်တိုဘာ ၃-၉ ရက်အတွင်း ၂၇ ဦးသေ၊ ၅၈ ဦး ဒဏ်ရာရခဲ့သည်။ စက်တင်ဘာ ၂၆ မှ အောက်တိုဘာ ၂ ရက်အ တွင်း ပြည်သူ ၃၄ ဦးသေ၊ ၅၄ ဦးဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
“ပြည်သူတစ်ယောက် ဒဏ်ရာရလို့ တော်လှန်ရေးအင်အားစုတွေက ကုသပေးရင် ဆေးဖိုးကုန်ကျစ ရိတ်ရှိသွားမယ်။ဆေးဖိုးကုန်တဲ့ငွေက ကျည်ဆန်နဲ့သေနတ်ဝယ်ဖို့ ဖဲ့ပေးလိုက်ရတာဆိုတော့ အဲဒါကို စစ်တပ်က ကျည်ဆန်တစ်တောင့်ဝယ်ခ လျော့သွားလဲ မနည်းဘူးလို့ တွက်ပုံရတယ်”ဟု ၎င်းက ဆက် လက်ပြောသည်။
စစ်အုပ်စုသည် မေလမှ ဩဂုတ်လအတွင်း တစ်ရက်လျှင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၇ ခုကျူးလွန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း၏ ၆၈ရာခိုင်နှုန်းသည် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဉာဏ်လင်းသစ်က ထုတ်ပြန်ထားသည်။
မေလမှ ဩဂုတ်လအထိ ၄ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀၄ ဦး သေဆုံးပြီး ၁၃၃၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ်က ဆိုသည်။
