ယခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်သဖြင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်း သား ၂၈ ဦးအထိရှိလာကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်းနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကျဆုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က သတင်းထုတ်ပြန်သည်။
” အာဏာသိမ်းပြီးကတည်းကပေါ့နော်။ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေအားလုံးပေါ့နော်။ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာတွေ။ ဆေးရုံအချိန်မီတင်မပေးနိုင်တာတွေ။ ဒီအရာတွေကြောင့်မို့ပဲ အသက်မ ဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတာတွေရှိပါတယ်။ အဲ့ဒီအတွက်ပေါ့နော်။ သက်ဆိုင်အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ပြန်ကြားရေး တာဝန်ခံ မရောင်နီလင်းက MPA သို့ပြောသည်။
အောက်တိုဘာ ၁၈ ရက်ကလည်း မြင်းခြံထောင်အတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း ကျောက်ကပ်၊အသည်းခြောက် နှင့်အသည်းရောင်အသားဝါ ရောဂါတို့ဖြင့် ကျဆုံးခဲ့ကြောင်းသိရသည်။
” ကိုချမ်းမင်းဟိန်းက ပြင်းထန်တဲ့ ဝေဒနာခံစားနေရတာဖြစ်တဲ့အတွက် ထောင်ဆေးရုံကနေမှ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ပြင်ပဆေးရုံကိုပို့ပြီး တစ်နာရီအတွင်းမှာပဲ ကျဆုံးခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုချမ်းမင်းဟိန်းသည် ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲနှင့် လက်နက်မှု တို့ဖြင့် မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ခံထားရသူဖြစ်ကြောင်းသိရသည်။
