နာဂဒေသ ၊ လဟယ်မြို့နယ်ရှိ ကျေးရွာတစ်ရွာ ကို နာဂလက်နက်ကိုင်အဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက် ဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့လျက်ရှိသည်။
“News of Myanmar” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၂ ရက် နံနက် ၁၁နာရီ ၃၇ မိနစ်တွင် နာဂဒေသ၊ လဟယ်မြို့နယ်ရှိ ကာမွေလောရီ ကျေးရွာအား နာဂလက်နက်ကိုင်များက ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၈,၀၀၀ ရှိခဲ့ပြီး “Ko Thet, Kyaw Swar, Snow Queen” အပါအဝင် အခြား စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/D9bhr
Ko Thet – https://archive.ph/wxO8e
Kyaw Swar – https://archive.ph/Nw8nG
Snow Queen – https://archive.ph/hk6PO
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “လဟယ် ဒရုန်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, People’s Spring, Zalen” အပါအဝင် အခြား မီဒီယာများက သတင်းဖော်ပြထားကြသည်။
“DVB” တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်၊ ကမ်မော်လောရီ ကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ငါးနှစ်အရွယ် ကလေးငယ် အပါအဝင် နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ( NSCN-K) အဖွဲ့၏ ဗိုလ်မှူးချုပ် ပီယောင်းကွန်၏ နေအိမ်ကို ဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူထဲက တစ်ဦးမှာ ဗိုလ်ချုပ်ပီယောင်းကွန်း၏ သားဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/wZxYj
“People’s Spring” တွင် အောက်တိုဘာ ၂၀ ရက် ည ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်ရှိ ကမ်မော်လော်ရီ ကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း၊၊ တိုက်ခိုက်မှုတွင် NSCN-K (ယုန်းအောင်) အဖွဲ့၏ ဗိုလ်မှူးချုပ်နေအိမ်သို့ ဗုံးထိမှန်ခဲ့ခြင်းကြောင့် ဗိုလ်မှူးချုပ်၏ သားနှင့်မြေးဖြစ်သူ တို့ သေဆုံးပြီး အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ အဆိုပါ ဗုံးကြဲမှုသည် အိန္ဒိယစစ်တပ်၏ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ပြီး အပြင်းထန်ဆုံး ရှုတ်ချသည်ဟု NSCN က သတင်းထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/gnTcu
“Zalen” တွင် အောက်တိုဘာ ၂၀ ရက်က စစ်ကိုင်း တိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ NSCN-K/YA စခန်းကို အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော်ပြီး ဒရုန်းဖြင့် ဗုံးကြဲချတိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က အိန္ဒိယ၊ အာရူးနာချပရာဒေ့ရှ်ပြည်နယ်ရှိ အာသံရိုင်ဖယ် တပ်စခန်းကို NSCN-K-YA အဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/7Syrf
သုံးသပ်ချက်
သတင်းမီဒီယာများတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်ရှိ ကမ်မော်လောရီ ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် အရပ်သားများ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူထဲက နှစ်ဦးမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ( NSCN-K) အဖွဲ့က ဗိုလ်မှူးချုပ် ၏ သားနှင့် မြေးဖြစ်သူ ဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “လဟယ်မြို့နယ်ရှိ ကမ်မော်လောရီ ကျေးရွာကို နာဂလက်နက်ကိုင်များက ဒရုန်းဖြင့် တိုက်ခိုက်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
