ရာသီပေါ်သီးနှံမျိုးစေ့များ ဝယ်ယူမရခြင်းကြောင့် တောင်သူများအခက်ကြုံနေ

ဓာတ်ပုံ-ပေးပို့
ပုံစာ-ပဲခူးတိုင်းအတွင်း ရာသီပေါ်သီးနှံ စိုက်ပျိုးနေသည့် တောင်သူများ

ရာသီအလိုက်စိုက်ပျိုးရသည့် ရာသီပေါ်သီးနှံမျိုးစေ့များ ဝယ်ယူမရခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်ကြုံနေရကြောင်း ပဲခူးတိုင်း အနောက်ခြမ်းရှိ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

ယခုလဆန်းပိုင်းမှ စတင်ကာ ဆောင်းရာသီ၏ ရာသီပေါ်သီးနှံများ စတင်စိုက်ပျိုးရမည်ဖြစ်သော်လည်း သီးနှံမျိုးစေ့များကို အလွယ်တကူ ဝယ်ယူမရခြင်းကြောင့် စိုက်ပျိုးချိန်များ နောက်ကျနေရကြောင်း မိုးညိုမြို့နယ်မှ အသက် ၅၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။

“ကျောက်ဖရုံစိုက်ဖို့ မျိုးစေ့လိုက်ဝယ်တာ ဘယ်ဆိုင်မှ ဝယ်မရဘူး။ မြားနီ မျိုးစေ့ထုတ်မရှိဘူးတဲ့ အခြားအာမခံချက်မရှိတဲ့ မျိုးစေ့တွေတော့ရှိတယ်။ အဲ့ဒါတွေက အကိုတို့မစိုက်ရဲဘူး။ အပင်ပေါက်နှုန်းလည်းမကောင်းဘူး။ အသီးလည်းမလှဘူး” ဟု ၎င်းက ပြောသည်။

ကျောက်ဖရုံ မျိုးစေ့အပြင် သခွား၊ ဖရဲ၊ မုန်လာ၊ ဂေါ်ဖီနှင့် ပြောင်းစသည့် မျိုးစေ့များသည်လည်း မျိုးစေ့အရောင်းဆိုင်များ၌ အလွယ်တကူဝယ်ယူ၍မရကြောင်း မင်းလှမြို့နယ်၊ စစ်ကွင်းကျေးရွာမှ အသက် ၄၀ အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ခါတိုင်းနှစ်တွေ အဲ့ဒီလိုမဟုတ်ဘူး။ ဘယ်အချိန် သွားဝယ်ဝယ် တစ်ဆိုင်မဟုတ် တစ်ဆိုင်ရတယ်။ အခုနှစ်က ဘယ်လိုဖြစ်တယ်မသိဘူး။ ဝယ်လို့ကိုမရဘူး။ ဆိုင်တွေမှာ ပစ္စည်းပြတ်နေတာ၊ မစိုက်ချင်တဲ့ မျိုးစေ့တွေတော့ရှိတယ်။ အဲ့ဒါတွေက အသီးအပွင့်မလှဘူး။ ကုန်သည်တွေကလည်း အသီးအပွင့်မလှရင် မဝယ်ဘူး။ မျိုးစေ့ရောက်လာမလားလို့ စောင့်ရင်း အခုထိ မစိုက်ရသေးဘူး” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မျိုးစေ့များ ဝယ်ယူရန်ခက်ခဲနေခြင်းသည့် စစ်ကော်မရှင်က မျိုးစေ့တင်သွင်းမှုကို တင်းကျပ်ထားခြင်းကြောင့် မျိုးစေ့ဆိုင်များ၌ တောင်သူများလိုချင်သည့် မျိုးစေ့များ ပြတ်လပ်နေခြင်းဖြစ်ကြောင်း သာယာ၀တီမြို့နယ်မှ စိုက်ပျိုးရေး မျိုးစေ့ရောင်းသူတစ်ဦးက MPA သို့ပြောသည်။

“မျိုးစေ့က တင်သွင်းခွင့် ပိတ်ထားတဲ့ထဲမှာတော့ မပါဘူး။ မပါပေမဲ့ အလွယ်တကူ တင်သွင်းခွင့်မရဘူး။ တင်သွင်းခွင့်လိုင်စင်လျှောက်ရတယ်။ လိုင်စင်ကလည်း လျှောက်ရတာမလွယ်ဘူးလေ၊ လိုင်စင်ရပြန်တော့လဲ လိုချင်သလောက်တင်သွင်းလို့မရဘူး။ အမျိုးမျိုး ကန့်သတ်ထားတာ၊ အဲ့ဒါကြောင့် တောင်သူတွေဝယ်မရတာ၊ တချို့မျိုးစေ့တွေက မျိုးစေ့ထုတ်တဲ့ ကုမ္ပဏီမှာကို ပစ္စည်းပြတ်နေတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပမှ မျိုးစေ့တင်သွင်းခွင့် လျှော့ချနိုင်ရေးအတွက် စစ်ကော်မရှင်သည် စိုက်ပျိုးရေးပညာရှင်များကို ပြည်တွင်း၌ မျိုးစေ့ထုတ်လုပ်ရန် ဖိအားပေးမှုများ ပြုလုပ်နေကြောင်း အုတ်ဖိုမြို့နယ်မှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။

“မျိုးစေ့ထုတ်ဖို့ဖိအား ပေးနေတယ်ကြားတယ်။ ထုတ်နေတဲ့ မျိုးစေ့ကုမ္ပဏီအချို့လည်းရှိတယ်။ တောင်သူတွေက ဒါမျိုးမျို့စေ့တွေကြ မကြိုက်တော့ဝယ်စိုက်တာနည်းတယ်။ အသီးအပွင့်တွေအရည်သွေးမလှတာတွေ၊ ရောဂါဒဏ်မခံနိုင်တဲ့ မျိုးစေ့တွေကို တောင်သူတွေ မစိုက်ရဲဘူး၊ ”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။

လက်ရှိတောင် တောင်သူများသည် မျိုးစေ့များကို အလွယ်တကူဝယ်ယူ၍မရခြင်း၊ ဝယ်ယူလို့ရသည့် မျိုးစေ့များမှာလည်း စျေးနှုန်းမြင့်မားစွာပေးနေရခြင်းများကို ကြုံတွေ့နေရသည့်အပြင် သီးနှံများကို ရောင်းချရာ၌လည်း စျေးကောင်းမရရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။