ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေးမလုပ်ဘဲ ရွေးကောက်ပွဲ အမှီ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများကို ယခုနှစ်အပြီး ပြင်ဆင်ဆောက်လုပ်ရန် စစ်ကော်မရှင် ခေါင်းဆောင်မင်းအောင်လှိုင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ဖိအားပေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများ ပြန်လည်တည်ဆောက်မှုကို ယမန်နေ့(အောက်တိုဘာ ၂၆ရက်)တွင် သွားရောက်ကြည့်ရှု့ပြီးနောက် အထက်ပါအတိုင်း အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
” ဒီဇင်ဘာရွေးကောက်ပွဲမတိုင်မီ လွှတ်တော်အဆောက်အဦးတွေပြင်ဆင်တာကို အမြန်လုပ်ခိုင်းတယ်။ ကျတော်တို့က အဆောက်အဦး ပြိုပျက်သွားတာတွေကို ပြန်လည်မွန်းမံရတော့ဆိုတော့ ကြံ့ခိုင်မှုကိုဦးစားပေးရမယ် အချိန်ယူရပြင်ဆင်ရမယ်ဆိုတာကို တင်ပြထားတယ်။ “ဟု နေပြည်တော်တွင် ဆောက်လုပ်ရေးလုပ်နေသည့် ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အင်အားပြင်း ငလျင်ကြီးကြောင့် နေပြည်တော်ရှိ လွှတ်တော်အဝင် တံတား၊ လွှတ်တော်အဆောက်အအုံများ၊ စစ်ရုံးချုပ်၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လမ်းတံတားများနှင့် မြေထိန်းနံရံများ ပျက်စီးခဲ့သည်။
” ပြည်သူလူထု အိုးအိမ်ပျက်စီဆုံးရှုံးမှုဖြစ်တာတွေလစ်လျှူ ရှု့ပြီး အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့နဲ့ နေပြည်တော်လွှတ်တော်ကို အပူအတပြင်းပြင်ဆင်နေတာက မအလဟာ သူတို့စစ်အုပ်စုကိုသာကြည့်ပြီး လူထုရဲ့လုံးဝမကြည့်ဘူးဆိုတာမြင်သာပါတယ် ” ဟု ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသူတစ်ဦးက မှတ်ချက်ပြုသည်။
ငလျင်ကြီးကြောင့် ပျက်စီးမှု အများဆုံးကြုံတွေ့ခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်ရှိ ငလျင်သင့် ပြည်သူများသည် နေအိမ်များကို ပြန်လည်ပြုပြင်ရာ၌ မိမိအစီအစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရပြီး စစ်ကော်မရှင်က မည်သည့်အကူအညီမှ မပေးကြောင်း ဒေသခံများက ဆိုသည်။
ငလျင်ကြီးကြောင့် နေပြည်တော်ရှိ အစိုးရအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုသည် ကျပ် ဘီလျံ ငါးထောင်နီးပါးရှိသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားပြီး ပြန်လည်ပြုပြင်နေသည့် အသုံးစရိတ်ကို မည်မျှ သုံးစွဲနေသည်နှင့် ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်မှုတော့မရှိပေ။
ထို့ပြင် မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီးကြောင့် သာသနိကအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ လူနေအိမ်နှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုသည် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံခန့်ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ခဲ့သေးသည်။
စာတည်း-ကိုဆန်း
