မဲဆောက်တွင် မြန်မာအမျိုးသမီးတစ်ဦး လည်ပင်းကို ဓားဖြင့်လှီးခံရ၊ တရားခံထွက်ပြေးလွတ်မြောက်နေသဖြင့် သတိထားရန်လို

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှိ သန့်စင်ခန်းတစ်ခုတွင် ယနေ့(အောက်တိုဘာ ၂၇ရက်)၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦးသည် မြန်မာအမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးပြီး ထွက်ပြေးသွားကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြန်မာအမျိုးသမီးကို ဓားဖြင့်လှီးခဲ့သူမှာ ထိုင်းနိုင်ငံသား အမျိုးသားလူငယ်တစ်ဦးဖြစ်ပြီး ၎င်း၏ ဓာတ်ပုံများကို မဲဆောက်ရဲတပ်ဖွဲ့က ဖြန့်ဝေထားပြီး ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရေးအတွက် ယနေ့ ညပိုင်းထိ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

” ကလေးမက အခုမဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်။ အသက်အန္တရာယ်တော့မရှိတော့ပါဘူး။ ၂၄ နာရီတော့စောင့်ကြည့်ရမယ်။ သွေးလိုတဲ့အတွက် သွေးလာလှူမယ်ဆိုရင် လှူလို့ရတယ်။ သွေးအမျိုးက အိုသွေးပါ။ ” ဟု ဓားထိုးခံရသည့် ကလေးမနှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။

ဓားဖြင့် အထိုးခံရသူ အမျိုးသမီးသည် အသက် ၂၁ နှစ်အရွယ် မြန်မာ မိန်းကလေးတစ်ဦးဖြစ်ပြီး လည်ပင်းတစ်ဝိုက်တွင် ဓား သို့မဟုတ် ချွန်ထက်သည့် အရာ၀တ္ထုနှင့် တိုက်ခိုက်ခံခဲ့ရကာ မဲဆောက်မြို့နယ်ချုပ်ရေးရုံးတာဝန်ရှိသူများက မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပေးခြင်းဖြစ်ပြီး ဒေသဆိုင်ရာအာဏာပိုင်များနှင့် ထိုင်းရဲတပ်ဖွဲ့ကလည်း ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မဲဆောက်မြို့ရှိ ပြည်သူ့ပါတီ လွှတ်တော်အမတ်ကလည်း တရားခံ အမြန်ဆုံးဖမ်းပေးရန် အာဏာပိုင်များကို တောင်းဆိုသည့် စာကို ၎င်း၏ လူမှုကွန်ရက်၌ တင်ပြခဲ့သည်။

“ဓားနဲ့ ထိုးသွားတဲ့ ထိုင်းလူငယ်က လွတ်နေသေးလို့ ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေတယ်။ မဲဆောက်ရောက် မြန်မာတွေအနေနဲ့ သတိထားနေထိုင်ဖို့ ထုတ်ပြန်ထားတဲ့ ပုံထဲက လူကိုတွေ့ရင် သက်ဆိုင်ရာကို ပြောဖို့လိုတယ်” ဟု မဲဆောက်မြို့တွင်နေထိုင်သည့် ရွှေ့ပြောင်း မြန်မာတစ်ဦးက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည့် CCTV မှတ်တမ်းများအရ ကျူးလွန်သူဟု ယူဆရသူသည် အသက် ၁၈နှစ်နှင့် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တီရှပ်အနက်ရောင် အင်္ကျီ၊ ဦးထုပ်နှင့် အားကစားရှုးဖိနပ်များကို ဝတ်ဆင်ထားကြောင်း သိရသည်။

ကျူးလွန်သူဟု ယူဆရသူသည် ပြစ်မှုမကျူးလွန်ခင် ရုံးဝင်းအတွင်း အခြေအနေကို လှည့်လည်ကြည့်ရှု့မှုများ လုပ်ဆောင်ခဲ့ပြီး လူရှင်းသည့်အချိန်၌ မြန်မာအမျိုးသမီးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ ပစ္စည်းလုယက်ခြင်းမျိုးမရှိသည့်အတွက် နှစ်ဖက်အငြင်းပွားမှုဖြစ်ပွားချိန် ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကနဦးသုံးသပ်ထားသည်။

“သတင်းကြားတာတော့ ထိုင်းကောင်လေးက ထောင်ကထွက်လာတာမကြာသေးဘူးလို့ကြားတယ်။ အတိအကျတော့မသိရသေးဘူး။ စိတ်အခြေအနေလဲသိပ်မကောင်းဘူးလို့ လူမှုကွန်ရက်မှာထိုင်းတွေရေးထားတာတော့တွေ့မိတယ်” ဟု မဲဆောက်မြို့တွင် ဆယ်စုနှစ်ကြာနေထိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့၌ လူရိုက်မှု၊ ခိုးမှုများဖြစ်ပွားနေသည့်အတွက် မဲဆောက်ရောက်မြန်မာများ မိမိအန္တရာယ်ကို အမြဲသတိပြု သွားလာရန် အချင်းချင်းနှိုးဆော်မှုများပြုလုပ်နေကြသည်။

စာတည်း-ကိုဆန်း