ပဲခူးတိုင်း ၊ ရေတာရှည်နှင့် တောင်ငူမြို့နယ်အစပ်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက်မှ စတင်၍ စစ်သား အင်အား ၄၀၀ ခန့်ဖြင့် ရေတာရှည်နှင့်တောင်ငူမြို့ နယ်အစပ်သို့ စစ်ကြောင်းထိုးလာသဖြင့် ရေတာရှည်မြို့နယ် ၊ ရေလွှဲကျေးရွာအနီးတွင် ယင်းစစ်ကြောင်းနှင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
“ရန်သူ ၄၀၀လောက်နဲ့ထိုးလာတယ်ဗျ။ မနေ့က(အောက်တိုဘာ၂၆ရက်) တစ်နေကုန် တိုက်ပွဲဖြစ် တယ်။ ခုက ရွာသစ်မှာမဟုတ်ပါဘူး။ရွာသစ်တောင်ဘက်က ရေလွှဲဘက်မှာပါဗျ။ရန်သူက လေကြောင်းရော လက်နက်ကြီးပစ်ကူပါပေးပြီး ထိုးစစ်ဆင်လာတယ်။ ရန်သူအကျအဆုံးများတယ် လို့သိရပြီး မိမိဘက်လည်းထိခိုက်တယ်။လောလောဆယ် အသေးစိတ် ဘာမှမသိရသေးဘူး။ တိုက် ပွဲဖြစ်နေလို့”ဟု နေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက မွန်းလွဲ ၃ နာရီခန့်တွင် MPA သို့ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ရေလွှဲရွာသည် ရေတာရှည်နှင့် တောင်ငူမြို့နယ်အစပ်တွင်ရှိကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေကြောင်း နေပြည်တော် တပ်ရင်း ၈၀၈ ထံက သိရသည်။
” ဒီနေ့ကို ဖိုက်တာနဲ့ ပေါင်၂၅၀ ၄ လုံးကြဲချခဲ့ပါတယ်။ဒီအရှေ့မှာလည်း ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေသုံးတာရှိပါတယ်။ သိမ်းပိုက်ခဲ့တဲ့ ရွာသစ်ရွာနဲ့ အခု စစ်ရေးတင်းမာတဲ့နေရာနဲ့က ၁၀ မိုင်ဝန်းကျင်လောက်ကွာပါတယ်။ရွာသစ်နဲ့ မဆိုင်ပါဘူး။ စစ်မျက်နှာ မတူပါဘူးခင်ဗျ။ ကျန်တာ စစ်တိုင်းနဲ့ တပ်ရင်း ပေ့ချ်တွေကထုတ်ပြန်ပါမယ်”ဟု နေပြည်တော်တပ်ရင်း ၈၀၈ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ရေးအခြေအနေများကြောင့် ရေလွှဲကျေးရွာအနီးရှိကျေးရွာ ၇ ရွာခန့်မှ ပြည်သူ ၃၀၀၀ ခန့်စစ်ရှောင်နေရကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်တွင် ရေတာရှည်မြို့နယ် ၊ ရွာသစ်ကျေးရွာရှိ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းနှင့် ကာကင်းများကို နေပြည်တော်တိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
