စစ်တပ်အာဏာသိမ်းပြီးနောက် ညစ်ညမ်းရုပ်ရှင်များစွာ ထွက်ပေါ်လာပြီး နစ်နာသူများစွာရှိနေသော်လည်း အရေးယူမှုအားနည်းနေ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ ညစ်ညမ်းရုပ်ရှင်များစွာ ထွက်ပေါ်လာပြီး အဆိုပါရုပ်ရှင်များကြောင့် နစ်နာသူများစွာရှိနေသော်လည်း အရေးယူမှုနည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဇွန်လမှ စတင်ကာ မြန်မာနိုင်ငံအတွင်း ညစ်ညမ်းကားများရိုက်ကူးပြီး ပြန်လည်ရောင်းချသည့် စျေးကွက်တစ်ခု ခိုင်ခိုင်မာမာပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုက ပြည့်တန်ဆာပပျောက်ရေးအက်ဥပဒေ ၂၄နဲ့ အရေးယူမှုတွေတော့ လုပ်နေပါတယ်။ အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတို့ကြ တရားလိုကိုယ်တိုင်လာတိုင်တန်းမှ ရဲဘက်ကနေအမှုဖွင့် အရေးယူတာများလုပ်နိုင်မှာလည်းပါတာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်းက ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အသက် ၂၅နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ၎င်း၏ချစ်သူနှင့် နှစ်ဦးသဘောတူ အတူနေစဉ် ၎င်း၏ချစ်သူမှ ကင်မရာဖြင့် မှတ်တမ်းခိုးယူခဲ့ပြီး ညစ်ညမ်းရုပ်ရှင်စျေးကွက်သို့ ရောင်းချခဲ့သဖြင့် နစ်နာသူအမျိုးသမီးမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

“ညီမလဲ ချစ်သူဖြစ်တာရယ်၊ ပြီးတော့ လက်ထပ်ဖို့အထိမှန်းထားတာဆိုတော့ အဲ့ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့ဘူးပေါ့။ သူက နှမချင်းမစာမနာဘဲ အဲ့ဒီလိုလုပ်လိုက်တော့ ညီမ မိသားစုနဲ့လည်း မရင်ဆိုင်ချင်တော့ဘူး။ ဝါသနာပါတဲ့ အလုပ်လဲ မလုပ်ဖြစ်တော့ဘူး။ သူငယ်ချင်းတွေမေးတဲ့အချိန်ဆို သတ်သေချင်တာပဲသိတော့တယ်။နောက်တော့ အသိတွေ၊ မိသားစုတွေနဲ့ ဝေးရာနေရာတစ်ခုသွားမှ ဖြစ်မယ်ဆိုပြီး ပြည်ပထွက်သွားလိုက်တာ၊အခုထိပြန်တွေးတိုင်း စိတ်ထဲနာကျင်နေတုန်းပဲ”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ညစ်ညမ်းရုပ်ရှင်များကြောင့် အဓိက နစ်နာသူများမှာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များဖြစ်ပြီး အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အုပ်ထိန်းသူများအနေဖြင့် Sex Education သင်ကြားမှုများကို ပြုလုပ်ပေးသင့်ကြောင်း ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းတစ်ခု၌ စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ပြောသည်။

“အဓိကတာဝန်ရှိတာက အုပ်ထိန်းသူပေါ့။ အသက်မပြည့်သေးတဲ့ခေါင်းစဉ်အောက်မှာ အမျိုးသားရော၊ အမျိုးသမီးရော၊LGBTရောပါနေတာဆိုတော့ အုပ်ထိန်းသူတွေအနေနဲ့ Sex Education ကို မရှက်နေဘဲ သင်ပေးဖို့လိုမယ်၊ သားမွေးထားတဲ့သူတွေအနေနဲ့လဲ အမျိုးသမီးတွေကိုလေးစားဖို့ အမေကိုယ်တိုင်က ပြောပြဖို့လိုအပ်လိမ့်မယ်၊ ပြီးတော့ ကျမတို့နိုင်ငံကိုက အမျိုးသမီးဆို ဗိုင်းကောင်းကျောက်ဖိဖြစ်ရမယ့် ထုံးတမ်းမျိုးနဲ့ဆိုတော့ နစ်နာသူရဲ့ ထွက်ပေါက်ကသေလမ်းလဲ ဖြစ်သွားနိုင်တာမို့ အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း ညစ်ညမ်းရုပ်ရှင်စျေးကွက်ပေါ်ပေါက်လာခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘ၀လုံခြုံရေးများကို ခြိမ်းခြောက်နေသော်လည်း စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က အရေးယူမှုနည်းပါးသည့်အပြင် ညစ်ညမ်းရုပ်ရှင်များကို ရောင်းချ၊ ဝယ်ယူသူများ၏ ငွေပေးချေသည့် ဘဏ်အကောင့်များကို သိရှိသော်လည်း ယနေ့အချိန်ထိ ထိရောက်စွာ အရေးယူမှုများမရှိသေးပေ။

လက်ရှိ ညစ်ညမ်းရုပ်ရှင်အများစုကို တယ်လီဂရမ်ချန်နယ်များမှ တဆင့် ရောင်းသားမှုများပြုလုပ်နေပြီး ရုပ်သံအရည်အသွေးပေါ် မူတည်ကာ အနည်းဆုံး မြန်မာငွေ ကျပ်ငါးသောင်းမှ ကျပ်သုံးသိန်ထိ ပေါက်စျေးရှိနေကြောင်းလည်း သိရသည်။