မြန်မာစစ်ကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်သည့် ရွေးကောက်ပွဲကို ကျင်းပမည့်အစား ဆင်းရဲဒုက္ခရောက်နေသော ပြည်သူများအတွက် အကူအညီများ ပိုမိုတိုးမြှင့်ပေးရေးကို အာရုံစိုက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရပ်စ်က အောက်တိုဘာ ၂၇ ရက်တွင် တိုက်တွန်းလိုက်သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတွင် ဂူတားရပ်စ်က မြန်မာနိုင်ငံတွင် လေးနှစ်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို ချက်ချင်းအဆုံးသတ်ရေးသည် အဓိကထားရမည့် အချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူမှ ယုံမယ်လို့ မထင်ပါဘူး၊ ဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဘယ်သူမှ ယုံကြည်လိမ့်မယ်လို့ မထင်ပါဘူး။”” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
စစ်ကော်မရှင်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အစိုးရသည် ရွေးကောက်ပွဲကို လေးနှစ်ကြာ ပင်ပန်းဆင်းရဲသော စစ်ပွဲအပြီး ပြန်လည်စတင်ရန် အခွင့်အရေးအဖြစ် ရှုမြင်ပြီး ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အစိုးရအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း၏ မျက်စိထဲတွင် တရားဝင်မှု အချို့ကို ပြန်လည်ရယူရန် အခွင့်အရေးအဖြစ် ရှုမြင်သည်။
မြန်မာစစ်အစိုးရသည် ယခု ဒီဇင်ဘာလမှ စတင်ကာ ရွေးကောက်ပွဲကို ဆက်လက်ဖိအားပေးနေခြင်းကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံနေရသည်။
ထို့အပြင် လူပေါင်း ထောင်နှင့်ချီ သေဆုံးပြီး ၃ ဒသမ၅ သန်းကျော် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်တွင်းစစ်အတွင်း အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်လည်း ဝေဖန်ခံနေရသည်။
