မြန်မာလူငယ်များ ပြည်ပ ရွှေ့ပြောင်းမှု မြင့်မားနေဟု ပြည်ဖျက်မင်းအောင်လှိုင်ဝန်ခံ

ဓာတ်ပုံ - လူမှုကွန်ရက်

မြန်မာလူငယ်များ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှု မြင့်မားနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ပြည်ဖျက်မင်းအောင်လှိုင်က ဝန်ခံလိုက်သည်။

အောက်တိုဘာ၂၇ရက်၊နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား၌ မင်းအောင်လှိုင်က အထက် ပါအတိုင်းပြောကြားခဲ့သလို တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သော အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင် သည့် လူငယ်လူရွယ်ဦးရေမှာ ယခု များပြားနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

“လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်တပ်ထဲထည့် သေတွင်းထဲပို့နေတဲ့ မင်းအောင်လှိုင်က အခုလို အခမ်းအနားမျိုးတွေမှာ လူကြားကောင်းအောင် လျှောက်ပြောနေတာပါ။သူပြောတဲ့စကား သူကိုယ် တိုင်တောင် နားလည်မယ်မထင်ပါဘူး။သူနားလည်တာက တစ်ခုတည်းပဲ၊ အာဏာလက်မလွှတ်ရေးပဲ” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ယင်းသို့ လူငယ်လူရွယ်ဦးရေ များပြားနေခြင်းကို Demographic Bonus ဟုခေါ်သည့် လူဦးရေဆု လာဘ် ရရှိနေဆဲကာလဟု ဆိုလိုက်ပြီး ဆုလာဘ်ကာလမကုန်ဆုံးမီ ၎င်းလူငယ်လူရွယ်များအား နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မှန်ကန်ထိ ရောက်စွာ အကျိုးရှိရှိဆောင်ရွက်နိုင်ရေးအတွက် စီမံပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

လူငယ်များကို လျစ်လျူရှုထားပါက တည်ငြိမ်အေးချမ်းမှု လျော့နည်းနိုင်ကြောင်းလည်း ဆိုသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုမြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း ပြည်ပရွှေ့ပြောင်းခြင်းကလည်း နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီနေခြင်းကြောင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း မင်းအောင်လှိုင် က ဆက်လက်ပြောသည်။