ကရင်နီပြည်နယ်အတွင်း လူငယ်ထိန်းသိမ်းရေး စခန်းကဲ့သို့သော “ကလေးစင်တာ” ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ဒုဌာနမှုး(၂)ကပြောသည်။
ယခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အဆိုပါ ကလေးစင်တာကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မူးကြမ်းရေးဆွဲထားပြီဖြစ်ကြောင်း သိရသည်။
“TORကတော့ရှိတယ်ပေါ့နော်။ ကလေးစင်တာပေါ့။ အမတို့ဌာနက ပြစ်မှုပြစ်ဒဏ်ကျလိုက်တဲ့ကလေးတွေ၊ မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေ အဲ့ဒီနှစ်ခုကအဓိကပေါ့။ ပြစ်မှုပြစ်ဒဏ်ကျသွားတဲ့ကလေးတွေဆိုရင် အမတို့က သူတို့ကိုအခွင့်အရေးတွေ အပြည့်အဝရရှိအောင်၊ တစ်ဖက်မှာ ပညာသင်ကြားခွင့်ရအောင်၊ အသက်မွေးဝမ်းကျောင်းပညာတွေ၊ အဲ့ဒီလိုမျိုးအပိုင်းတွေကိုလုပ်ပေးနိုင်အောင် စင်တာတစ်ခုထားရှိဖို့ လျာထားတာရှိတယ်။ ဒီနှစ်မကုန်ခင်မှာတော့ ဒီဟာကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ပေါ့”ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ကလေးစင်တာကို အကောင်အထည်ဖော်ရခြင်းသည် ကရင်နီပြည်အတွင်းရှိ ကလေးငယ်များ၏ အကျင့်စာရိတ္တနှင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။
“၂၀၁၉ကလေးဥပဒေနဲ့ပဲ သွားနေတာဖြစ်တဲ့အတွက် အဲ့ဒီဥပဒေမှာပါတဲ့ ဥပဒေအရ ပြစ်မှုပြစ်ဒဏ်ကျတဲ့ကလေးတွေကို ပြန်ပြီးတော့ ထိန်းသိမ်းပြီးရင် သူတို့ရဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို အဓိကသွားမှာဖြစ်ပါတယ်”ဟု ကလေးသူငယ်ရေးရာ ဌာန ဒုဌာနမှုး(၂)ကဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်း အသက်မပြည့်သေးသည့် လူငယ်အများစုသည် လူ့အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရပြီး စစ်ဘေးဒဏ်ကိုပါခံစားခဲ့ရသဖြင့် မိမိကိုယ်မိမိ မယုံကြည်တော့ဘဲ ရည်မှန်းချက်ပန်းတိုင်များ ပျောက်ဆုံးနေရကြောင်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ခုနှစ်တန်းကျောင်းသူတစ်ဦးက ၎င်း၏ အတန်းပိုင်ဆရာမခွင့်ပြုချက်ဖြင့် MPAကို ဖြေကြားသည်။
“အခုကျောင်းမှာဆိုရင် အချို့ကျောင်းသား၊ ကျောင်းသူတွေက စာမသင်ချင်ကြဘူး။ မိသားစုကိုပဲ အလုပ်လိုက်ကူချင်တယ်။ အချို့ကတော့ ကျောင်းပြေးတယ်။ ရေကူးတာတို့ လျှောက်သွားတာတို့ပေါ့၊ မိန်းကလေးအချို့ဆိုလဲ စာကျက်ရတာပင်ပန်းလို့ ကျောင်းမလာချင်တဲ့သူတွေရှိတယ်။ တူဆိုလို့ အားလုံးက ထိုင်းဘက်ကို သွားချင်ကြတာပဲ၊ တကယ်လို့ သူတို့ကျောင်း ဆက်မတက်တော့ရင် လမ်းမှာရောက်သွားပြီး လူဆိုးတွေဖြစ်သွားမှာကို ပူတယ်” ဟု အထက်ပါ ကလေးငယ်က ရှင်းပြသည်။
IEC၊အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနအနေဖြင့် ကလေးသူငယ်များအတွက် Child Safe Garden ပေါ်လစီထွက်ရှိရန် လျာထားပြီး လက်ရှိတွင် လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း သိရသည်။
