အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိသည့် စစ်အုပ်စုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ယခုထက်ပိုပြီး ပိတ်ဆို့အရေးယူရန် NUG အစိုးရက တိုက်တွန်းလိုက်သည်။
ယနေ့(အောက်တိုဘာ ၂၈ ရက်) ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆိုချက်တွေမှာ စစ်အုပ်စု ရဲ့ ကာကွယ်မှု နဲ့ ခွင့်ပြု ချက်တွေရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေ ကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေ ရဲ့ တစ်စိတ်တစ်ပိုင်း ကို စစ်အုပ်စု ကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က ဒီ ရာဇဝတ် လုပ်ရပ် တွေ ကို ရပ်တန့်ဖို့ စစ်အုပ်စု အပေါ် ယခုထက်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်”ဟု၎င်းကပြောသည်။
အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းအချို့ကို စစ်တပ်က ဝင်ရောက်စီးနင်းသယောင် အယောင်ပြဆောင်ရွက်နေခြင်းများရှိပြီး နယ်ခြားစောင့်တပ်များသည်လည်း မြန်မာစစ်တပ်၏ လက်အောက်ခံတပ်များဖြစ်သောကြောင့် အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများ၏ နောက်ကွယ်တွင် မြန်မာစစ်တပ်ခေါင်းဆောင်များ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိနေသည်ကို သိမြင်၍ အမြစ်ဖြတ်နိုင်မှသာ ကျားဖြန့်လုပ်ငန်းများ ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
မြန်မာနိုင်ငံအနှံ့သာမက စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင် အများဆုံး အခြေစိုက် နေသည့်အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအား နိုင်ငံတကာအသိုင်းအဝိုင်းက ဖြေရှင်းရန် ကြိုးပမ်းနေမှုများကို NUG အစိုးရအနေဖြင့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အမြဲအသင့်ရှိကြောင်းလည်းဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသားများ ကမ္ဘောဒီးယားနိုင်ငံသို့ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများတွင် လူရောင်းဝယ်ခံရမှု၊ အဓမ္မလုပ်အားပေးစေခိုင်းခံရမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုများကျူးလွန်ခံနေရကြောင်း ၊ အကူအညီတောင်းစာများကို မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC)က ဆက်တိုက် လက်ခံရရှိနေကြောင်းလည်း ဦးနေဘုန်းလတ်က ပြောသည်။
