စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ တက္ကစီခများ လေးဆနီးပါး မြင့်တက်လာရခြင်းသည် ကုန်စျေးနှုန်းနှင့် ပြင်ဆင်စရိတ်များကြောင့် ဖြစ်သည်ဟု တက္ကစီယာဉ်မောင်းများက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီက ရန်ကုန်မြို့တွင် အနီးအနားသွားလာရာ၌ တက္ကစီငှားရမ်းခမှာ ကျပ်တစ်ထောင်သာရှိသော်လည်း လက်ရှိ ငှားရမ်းခမှာ ကျပ်ငါးထောင်ခန့်ထိရှိလာကြောင်း ဒေသခံများက ဆိုသည်။
ရန်ကင်းမြို့နယ်မှ အသက် လေးဆယ်ကျော်အရွယ် တက္ကစီယာဥ်မောင်း တစ်ဦးက ” စတက်ကို ၅၀၀၀ပဲ၊ လျှော့လို့မရဘူး။ တစ်ခုတော့ ရှိတာပေါ့။ မြင်နေရတဲ့ အကွာအဝေး အသိမိတ်ဆွေ မျိူးဆိုရင်တော့ နည်းနည်းပါးပါး ဘော်ဒါကြေးသဘောမျိုး လုပ်ပေးလိုက်တာလောက်ပဲရတယ်” ဟု ပြောသည်။
တက္ကစီ ယာဉ်မောင်းများကမူ ၎င်းတို့ အနေဖြင့် ကား လေပေါင်ချိန်၊ ဘီးဖာ၊ အင်ဂျင်၀ိုင်လဲခြင်းစသည့် အသေးစား ပြုပြင်စရိတ်များသည် ယခင်ကထက် အဆမတန်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ တိုးတောင်ရခြင်းဖြစ်သည်ဟု ပြန်လည်ထောက်ပြကြသည်။
“တာယာစျေး က 14 .185. 80R တစ်လုံး တစ်သိန်းရှစ်သောင်းနဲ့ နှစ်သိန်းကြားရှိတာကနေ အခု နှစ်သိန်းခွဲတဲ့ ။ ဒူးဆစ်ဘော လေးသောင်းခွဲလောက်ကနေ အခု ရှစ်သောင်းအနိမ့်ဆုံးပဲ။ လေချိန်တာတောင် နိုက်ထရိုဂျင် တစ်ထောင်က ခု နှစ်ထောင်၊ အင်ဂျင်၀ိုင်လဲရင် အရင်က သုံးသောင်းခွဲ၊ လေးသောင်းပဲ၊ အခု တစ်သိန်းနားကပ်နေပြီ။ အစစစျေးတက်နေတော့ တိုးတောင်းကုန်တာပေါ့” ဟု ရန်ကုန်မြို့ခံ တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။
ထို့ပြင် စားသောက်ကုန်စျေးနှုန်း၊ စက်သုံးဆီစျေးနှုန်း စသဖြင့် အထွေထွေကုန်စျေးနှုန်းများ အလွန်များနေ၍ ယခုကဲ့သို့ ငှားခများ တိုးတောင်းရခြင်းဖြစ်သည်ဟုလည်း တက္ကစီယာဉ်မောင်းများက ဆိုသည်။
“အရင်က ဆီ တစ်လီတာ ၅၀၀၀န်းကျင် ခု ၃၀၀၀၀န်းကျင် ဒေါ်လာစျေး တစ်ဒေါ်လာ ၁၃၀၀ ခု ၄၀၀၀၀န်းကျင် ၊ ရွှေစျေး တစ်ကျပ်သား ဆယ့်သုံးသိန်းက ရှစ်ဆယ်၀န်းကျင် ၊ ကုန်ကုန်ပြောမယ် ဟိုတစ်နေ့က ကြောင်လျာသီး ၀ယ်တာ ၁၅၀၀ပေးခဲ့ရတယ် အရင်က ၂၅၀ ၊ ၃၀၀ပဲလေ” ဟု တောင်ဥက္ကလာပမြို့နယ်မှ တက္ကစီမောင်းသူ တစ်ဦးက ဆိုသည်။
CNG တက္ကစီမောင်းသူများကမူ အုံနာခ ပို၍ ကြီးမြင့်ခြင်းနှင် ဂတ်စ်ပေါင်မပြည့်ခြင်းများကလည်း ၄င်းတို့ ငှားခ တိုးတောင်းရသည့် အဓိက အကြောင်းအရင်း များတွင် ပါဝင်သည်ဟု ဆိုသည်။
” ဂတ်စ်က ပြထားတော့ ပေါင်ကသုံးထောင် တကယ်ရတာ ၁၈၀၀ လောက်ပဲရတယ်။ တစ်ဝက်လောက်ကွာနေပြီ။ အဲ့မှာ တစ်ရက် နှစ်ခါတန်းစီရမယ်။ အုံနာခကလည်း တစ်သိန်းနားကပ်နေပြီ။ ကျတော်တို့ ဆွဲချိန် မရှိတာတွေနဲ့” ဟု တောင်ဒဂုံမြို့နယ်မှ အသက် ၃၅နှစ်အရွယ် တက္ကစီမောင်းသူတစ်ဦးက ပြောသည်။
ထိုသို့ ကားငှားခများ ကြီးမြင့်နေမှုအပြင် လစဉ် ၁၅ရက် နောက်ပိုင်း ခရီးသည် ရရှိမှုများ သိသိသာသာကျဆင်းခြင်းများ ပုံမှန်ကြုံတွေ့လာရသည်ဟုလည်း တက္ကစီမောင်းသူများ၏ ပြောဆိုမှုအရ သိရသည်။
ရန်ကုန်မြို့၌ အထွေထွေကုန်စျေးနှုန်း ထိုးတက်နေခြင်းကြောင့် တက္ကစီခများ အလွန်များလာသလို တက္ကစီ ငှားရမ်းစီးနင်းမှုများ လျော့ကျသွားပြီး အများစုမှာ YBS သယ်ယူပို့ဆောင်ရေးယာဉ်များကိုသာ အဓိက အားကိုးနေရသည်။
