တရားမဝင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ကာလ တော်လှန်ရေးအင်အားစုများ သတ်မှတ်

ဓာတ်ပုံ-GSCB

အဝီစိအောက်ရောက်နေသည့်တိုင်းပြည်ကိုထပ်မံနစ်မွန်းစေမည့် စစ်ကော်မရှင်၏တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရေးကာလအဖြစ် ယနေ့(အောက်တိုဘာ၂၈ရက်)မှစ၍ ဒီဇင်ဘာ၃၁ရက်အထိ သတ်မှတ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်လိုက်သည်။

တိုင်းပြည်အပေါ်သို့ စစ်ကျွန်အရိပ်မဲကြီး ဆက်လက်ကြီးစိုးမည့် မတရားမှုသရဖူဆောင်းထားသည့် စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီး ကို ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအားတို့ဖြင့် နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက်ဆန့်ကျင်ကြရန် ပန်ကြား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“တရားမဝင်ရွေးကောက်ပွဲကို စစ်တပ်က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်မှာသေချာသလို ပြည်သူ တွေအနေနဲ့လည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့လိုပါမယ်။ပြီးတော့ ဒီတရားမ ဝင်ရွေးကောက်ပွဲကို ကျနော်တို့ပြည်သူတွေ သပိတ်မှောက်ဆန့်ကျင်ကြောင်း တစ်နည်းနည်းနဲ့ ကမ္ဘာကြီသိအောင် ပြောပြနိုင်ဖို့လည်း လိုပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ် ဦးက MPAသို့ပြောသည်။

စစ်အုပ်စစ်သည် အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံး၍ မတရားအာဏာသိမ်းချိန်မှစ၍ ယနေ့တိုင် ၄င်း၏ အာဏာတည်မြဲရေး ဆောင်ရွက်နေကြောင်း လူမှုရေး၊ စီးပွါးရေးနှင့် နိုင်ငံရေးတို့တွင် အကြမ်းဖက်မှုနှင့် အကျင့်ပျက်ချစားမှုကြီးစိုးစေမှုတို့ဖြင့် တိုင်းပြည်၏ အရင်းအမြစ်များစွာကို ပျက်ဆီးဆုံးရှုံးစေကာ စစ်အုပ်စု အာဏာတည်ရေးသာ တစ်ဘို့တည်း ကြည့်သော နွားပမာ ပြုကျင့်ခဲ့ကြောင်းလည်း ဆိုသည်။

ရလဒ်အနေဖြင့် လူဦးရေ ၁၂ သန်းကျော် ထမင်းငတ်နေသည့် တိုင်းပြည်၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်လောင်းကစားတို့ စခန်းချရာတိုင်းပြည်၊ လုံခြုံမှုမရှိဆုံးနှင့် နေ့စဉ် အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်နေသည့် တိုင်းပြည် တခုအဖြစ်သို့ သက်ဆင်းသွားပြီဖြစ်ကြောင်းနှင့် မိမိတို့ တိုင်းပြည်ကို ငရဲပမာ ရှုမြင်နေကြရပြီး စိတ်မချမ်းမြေ့ဖွယ် မနေချင့်စဖွယ်တိုင်းပြည် ဖြစ်လာနေကြောင်းလည်း ထုတ်ပြန်ထားသည်။