မြန်မာနိုင်ငံမှ စတင်လာသော အွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေး အပေါ် ကြီးမားသော သက်ရောက်မှုများရှိနေကြောင်း သံအမတ်ကြီးက ပြောကြားလိုက်သည်။
အောက်တိုဘာ၂၇ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာ၌ အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့သလို အွန်လိုင်းလိမ်လည်မှုများသည် အများအားဖြင့် အဆင့်မြင့် AI ကို အသုံးပြု၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နီးပါး ရရှိနေကြောင်းလည်း ဆိုသည်။
“အရှေ့မြောက်ဒေသက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုတယ်။အရှေ့မြောက်ကျားဖြန့်ဂိုဏ်းချုပ်တွေက စစ် တပ်ဩဇာခံတွေနဲ့ ကြံ့ဖွတ်အမတ်တွေ။
အရှေ့မြောက်ပြိုတော့ စစ်တပ်လက်အောက်ခံ ကရင်BGF တွေ ကြီးစိုးတဲ့ မြဝတီဘက် ကျားဖြန့်တွေ ရောက်လာပြန်တယ်။တရုတ်နဲ့ ထိုင်းပူးပေါင်းပြီး ဖြိုပြန် တယ်။ပြိုသလိုလို ဟန်ပြပြီး မြဝတီမှာ အခုထိ ကျားဖြန့်တွေ သောင်းကျန်းနေတာ အားလုံးမျက်မြင် ပဲ။ စစ်တပ်ရှိနေသရွေ့ ကျားဖြန့်ရှိနေမယ်ဆိုတဲ့ ဖော်ပြချက်တွေပေါ့”ဟု မုံရွာအခြေစိုက် တက်ကြွ လှုပ် ရှား သူတစ်ဦးက MPAသို့ပြောသည်။
ထိုအွန်လိုင်းလိမ်လည်မှု၏ သားကောင်များသည် ကမ္ဘာတစ်ဝန်း မှဖြစ်ပြီး လူငယ်အမျိုးသားနှင့် အမျိုးသမီးပေါင်း တစ်သိန်းကျော်သည် ကျားဖြန့်စခန်းများသို့ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရန် အတင်းအကျပ် ခိုင်းစေခံနေရကြောင်း သံအမတ်ကြီးက ပြောသည်။
စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ BGF တို့သည် ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို လုံခြုံသည့်ခိုလှုံရာများ ဖန်တီးပေးနေကြကြောင်းဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သက်ဆိုင်သူများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ အရှေ့ မြောက်နယ်စပ်မှ ကျားဖြန့်စင်တာများသည် အရှေ့တောင်ဘက်နယ်စပ်သို့ ရွှေ့ပြောင်းလာ ကြကြောင်း စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက် နေသည့် ဤဆိုက်ဘာလိမ်လည်မှုစင်တာများ၏ ပြဿနာကို ထိရောက်စွာ ဖြေရှင်းရန် စစ်အုပ်စုအနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ အလွန်ရှင်းလင်းနေကြောင်း သံအမတ်ကြီးက ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စုသည် ဒီဂျစ်တယ် အာဏာရှင်စနစ်ကို တည်ဆောက် နေပြီး စစ်အုပ်စု၏ ဒီဂျစ်တယ်စောင့်ကြည့်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် CDMများနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို ခြေရာခံကာ ဖမ်းဆီးရန်အတွက် Personal Scrutinization and Monitoring System ကို မကြာသေးမီက အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ဆိုက်ဘာရပ်ဝန်းသည်စစ်အုပ်စု၏ စောင့်ကြည့်ရေး စုစည်းမှုနေရာအဖြစ် သို့ ပြောင်းလဲသွားခဲ့ကြောင်းလည်း ဆိုသည်။
