၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်မှုကို ပြည်ပအကူအညီမယူဘဲ ပြည်တွင်းအားဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူရကြောင်း မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၂၇ရက်)က လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ၌ မင်းအောင်လှိုင်က အခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် နိုင်ငံတကာစံနှုန်းနှင့် မညီညွတ်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ခန့်မှန်းလူဦးရေအပေါ်အားထားရခြင်း၊ နေရပ်စွန့်ခွာသူများပြားခြင်း၊ ပြည်သူများ ပူးပေါင်းခြင်းနှင့် စိတ်အားထက်သန်မှုမရှိခြင်း၊ လုံခြုံရေး အပြည့်အ၀မရှိခြင်းစသည့်အချက်များကြောင့် အဆိုပါ သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ကိုယ်စားပြုနိုင်စွမ်းမရှိ ဟု နိုင်ငံတကာနှင့် ပြည်တွင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
စစ်ကော်မရှင်သည် အဆိုပါ သန်းခေါင်စာရင်းကို အခြေခံပြီး အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပြုစာခဲ့ရာ အောက်ခြေတွင် လူဦးရေလွဲမှားခြင်းနှင့် အမည်လွဲမှားခြင်းများစွာဖြစ်ပေါ်ခဲ့ရသည်။
” ၂၀၂၄ သန်းခေါင်စာရင်းကို ပြည်ပအကူအညီမယူဘဲ ကိုယ့်ဖာသာလုပ်နိုင်လို့ ဂုဏ်ယူသလိုပြောတယ်။ နိုင်ငံတကာကစံထားရတဲ့ သန်ခေါင်စာရင်းကောက်တဲ့ ပုံစံတွေအတိုင်းမလုပ်တာကိုထည့်မပြောသွားဘူး။ ဒီသန်းခေါင်စာရင်အပေါ်အခြေခံပြီး မဲစာရင်းလုပ်လို့ တက်တက်ဆင်အောင်လွဲတာတွေအောက်ခြေမှာအများကြီးကိုသူမသိဘူး ” ဟု အဆိုပါပွဲကိုတက်ရောက်ခဲ့သည့် သူတစ်ဦးကဆိုသည်။
လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်အောင်ဆောင်ရွက်ရာတွင်လည်း ယခု သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေကိန်းဂဏန်းသည် များစွာ အထောက်အကူပြုသည်ဟု မင်းအောင်လှိုင်က အစီရင်ခံစာ ထုတ်ပြန်ပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
” သန်းခေါင်စာရင်းကရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ လက်ရှိနိုင်ငံတော်အစိုးရအတွက်သာမက နောင်အစိုးရအဆက်ဆက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းတွေ ဖော်ဆောင်နိုင်ဖို့ လက်ဆင့်ကမ်း အသုံးပြုနိုင်မယ့် ကိန်းဂဏန်းအချက်အလက်များပဲ ဖြစ်ပါတယ်” ဟု အချက်အလက်မှားယွင်းမှုများစွာ ပါနေသည့် သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး မင်းအောင်လှိုင်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
” စစ်တပ်ထောက်ခံတဲ့ ဘူးလတ်လှဆွေတောင် မဲစာရင်းတွေလွဲမှားလို့ ဝေဖန်ထောက်ပြတာမျိုးရှိခဲ့တယ်။ အဲ့ဒီမဲစာရင်းကိုလဲရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ သန်ခေါင်စာရင်းနဲ့ကောက်တာဖြစ်တယ်။ မဲစာရင်းမှာတာကိုပြင်ဖို့ ပြည်သူတွေကို ဖိတ်ခေါ်တာ စာရင်းလာကြည့်မယ့်လူတောင်မရှိဘူး” ဟု ရန်ကုန်မြို့တွင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကိုစောင့်ကြည့်နေသူတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူမှုကို လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ၈ကြိမ်ကောက်ယူခဲ့ပြီး လွတ်လပ်ရေးပြီးနောက် လူဦးရေသန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် အချက်အလက်များအမှားဆုံးဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။
