ပဲခူးတိုင်းအတွင်းရှိ ကျေးရွာအချို့၌ လူငယ် ၁၀ ဦးလျှင် ရှစ်ဦးခန့်မှာ ဒေသကို စွန့်ခွာသွားကြောင်း မြေပြင်သတင်းအချက် အလက်များအရသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးခြင်းနှင့် အဓမ္မစစ်မှုထမ်းမှုကို ရှောင်ရှားလိုသည့် လူငယ်များသည် နေရပ်စွန့်ခွာနေရာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာကြောင်း သာယာ၀တီမြို့နယ်၊ ဇရပ်ကွင်းကျေးရွာမှ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“အခုရွာမှာ လူငယ်တွေမရှိတော့ဘူး။ ပြည်ပထွက်တဲ့သူတွေများကုန်တာ၊ တစ်နှစ်ထက် တစ်နှစ်ပိုဆိုးလာတယ်။ အခုဆိုရွာထဲ သာရေးနာရေးကအစ လုပ်မဲ့ကိုင်မဲ့သူမရှိတော့ဘူး။ ထိုင်းကိုအောက်လမ်းက သွားရင်တောင် သိန်း ၆၀၊ ၇၀ ကုန်တာ၊ အဲ့ဒါလည်း သွားနေကြတာ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ လူငယ်များ နေရပ်စွန့်ခွာလာမှုသည် အလုပ်အကိုင်ရှားပါးပြီး ကုန်စျေးနှုန်းကြီးမြင့်ခြင်းကြောင့် ဝမ်း၀စွာ မစားရသည့် မိသားစုကို ထောက်ပံ့ပေးခြင်သည့် စိတ်ကြောင့် ဖြစ်ကြောင်း လက်ပံတန်းမြို့နယ်၊ ရွာသာရွာ ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီမှာက အလုပ်ကိုင်နဲ့ ရတဲ့လုပ်အားခက ကုန်စျေးနှုန်းကို ဘယ်လိုမှ မမီတော့ဘူး။ အဆင်မပြေတွေဖြစ်လာတော့ မိန်းကလေးတွေကအစ အကုန်ပြထွက်ကုန်ကြတာ” ဟု ၎င်းက ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာများ၌ နေရပ်စွန့်ခွာသည့် လူငယ်များ ပိုမိုများပြားလာခြင်းနောက်ဆက်တွဲအဖြစ် လယ်ယာလုပ်ငန်းခွင်များ၌ လုပ်သားရှားပါးသည့် ပြသနာများကိုပါ ကြုံတွေ့နေရကြောင်း မိုးညိုမြို့နယ်၊ ဇီးတောကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အလုပ်သမားငှားရတာ တော်တော်ကိုခက်ခဲလာတာ၊ ငရုတ်တွေ၊ ခရမ်းချဉ်တွေစိုက်ဖို့လူငှားမရှိလို့မစိုက်ရဘူး။ အလုပ်သမားငှားဖို့ တစ်ပတ်လောက်တည်းကကြိုပြီးငှားတာတောင်မရချင်ဘူး။ မြို့ပေါ်နဲ့ရွာဘက်တွေတောင်မတူဘူး။ ရွာက လူတွေ ထိုင်းကိုအလုပ်သွားတာတော်တော်များတယ်။ အခုဆို ရွာမှာလူငယ်တွေမရှိတော့ဘူး ၄၀ကျော်၊ ၅၀ကျော်တွေပဲကျန်ခဲ့တော့တယ်”ဟု ၎င်းက ပြောသည်။
အလုပ်အကိုင်ရှားပါးပြီး ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် လူငယ်များသည် ဘ၀လမ်းပျောက်နေသည့်အချိန်၌ စစ်ကော်မရှင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး လူငယ်များကို ပေါ်တာဆွဲမှု ပြိုမိုပြုလုပ်လာခြင်းကြောင့် နေရပ်တိမ်းရှောင်လူငယ်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများလားခြင်းလည်းဖြစ်သည်။
“စစ်မှုထမ်းဥပဒေ ထွက်လာပြီးတည်းကကို စစ်ထဲဝင်ဖို့မဲနှိုက်ရတာတွေလုပ်တယ်။ စစ်သားတွေက ပေါ်တာဆွဲတယ်။ လမ်းမှာတွေ့လည်းဆွဲ၊ အိမ်ထဲလည်းဝင်ဆွဲ လုပ်နေတော့ လူငယ်တွေ ဘယ်လိုမှ မနေရဲတော့ဘူး။ အဲဒီတော့ ပြည်ပထွက်တာတွေများကုန်ကြတာ၊ အချို့ဆိုမိသားစုလိုက်ကိုသွားကြတာ၊ ဒီမှာကဘယ်လိုမှ နေလို့ အဆင်မပြေတော့လို့ သွားကြရတာ”ဟု မင်းလှမြို့နယ် စစ်ကွင်းမှ အသက် ၅၀အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လူငယ်အများအပြားသည် ပြည်ပထွက်ခွာမှုများပြုလုပ်လာသောကြောင့် စစ်ကော်မရှင်က နယ်စပ်ဂိတ်များကို တင်းကျပ်စွာ ပိတ်ပင်ထားတဲ့အတွက် တရားမဝင်လမ်းကြောင်းများမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများသည် ထိုင်းရဲတပ်ဖွဲ့၏ မကြာခဏ ဖမ်းဆီးမှုကို ခံနေရသည်။
