ရေတာရှည်အရှေ့ဘက်ရှိ စစ်ဘေးရှောင်များ ရိက္ခာအရေးပေါ် လိုအပ်နေ

ဓာတ်ပုံ-ပေးပို့
ပုံစာ- ရေတာရှည်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ အချို့

ပဲခူးတိုင်း၊ ရေတာရှည်မြို့အရှေ့တွင် စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ရေတာရှည်မြို့နယ်ရှိ စစ်ကော်မရှင် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရခြင်းဖြစ်ပြီး စစ်ဘေးရှောင်များ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ အသက် ငါးနှစ်အောက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ဝင်ပြီး တစ်ပတ်ကျော်ကြာထိသည် အကူအညီများ ရရှိခြင်းမရှိသောကြောင်း စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။

“ရေတာရှည်အရှေ့ဘက်တစ်ခွင်လုံးပေါင်းရင် လူတစ်ထောင်နီးပါလောက် အရေးပေါ် စားနပ်ရိက္ခာတွေလိုအပ်နေပါတယ်။ စစ်ရှောင်တွေ ဒီထက်တိုးလာဖို့လဲရှိနိုင်တယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် ကိုနွေဦးအောင်က ပြောသည်။

လက်ရှိ ရေတာရှည်မြို့နယ်ရှိ ဗိုလ်တဲစု၊ ကျောက်အို၊ ရှားတော၊ တောင်ကြီး၊ ကဲလင်ဆိပ်၊ ရေလွှဲနှင့် ပိနွဲပင်စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး ကဲလင်ဆိပ်နှင့် ပိနွဲပင်ကျေးရွာများကို စစ်တပ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ထွက်ပြေးတုန်းက အဝတ်အထည်အနည်းငယ်သာ ယူဆောင်လာခဲ့နိုင်တယ်။ စားစရာ၊ သောက်စရာများ လုံးဝမပါခဲ့ဘူး။ အထူးသဖြင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အဟာရပြည့်၀တဲ့ အစားအသောက်တွေ အရေးတကြီး လိုအပ်နေပါတယ် ” ဟု စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာ ကျေးရွာများ၌ ခိုလှုံနေရပြီး ၎င်းတို့ လက်ခံထားသည့် ဒေသခံများအနေဖြင့် ရေရှည်ထောက်ပံ့ပေးနိုင်းခြင်မရှိသောကြောင့် ယခုကဲ့သို့ အခြေအနေများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ်တွင် စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ရပ်တန့်သွားခြင်းမရှိသောကြောင့် စစ်ဘေးရှောင်များ ပိုမိုတိုးလာနိုင်ကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီပေးနေသူများက ပြောသည်။

အဆိုပါအခြေအနေများကြောင့် စစ်ဘေးရှောင်ပြည်သူများ အသက်ရှင်သန်ရေးအတွက် အဓိက လိုအပ်နေသည့် စားနပ်ရိက္ခာများကို ဖြည့်တင်းပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် လူသားချင်း စာနာထောက်ထားကူညီသည့် အဖွဲ့များက ကူညီမှုများပြုလုပ်ပေးရန် စစ်ဘေးရှောင်များကို ကူညီသူများက ထောင်းဆိုလျက်ရှိသည်။