ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းမှ ရဲများ ကင်းပတ်ထွက်လာစဉ် မိုင်းနှင့်ဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ၂ဦးကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း Yangon Army အဖွဲ့ထံက သိရသည်။
အောက်တိုဘာ ၃၁ ရက်၊ည၁၀နာရီ၃၇မိနစ်ခန့်တွင် ရွှေပေါက်ကံ ရဲစခန်းမှ ရဲများကင်းလှည့်ထွက် လာစဉ် ပြင်းအားမြင့် မိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး တစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ကင်းပတ်ဖို့ထွက်လာမယ့်အချိန်စောင့်ပြီး ဆော်ထည့်လိုက်တာ။ အနည်းဆုံး၂ ကောင်တော့ တိုက်ရိုက်ထိနိုင်တယ်။ဆိုင်ကယ်နဲ့ထွက်ထွက်ချင်း ဆွဲမိုင်း၂လုံး ၊အသီး၁လုံးနဲ့ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ”ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ရွှေပေါက်ကံရဲစခန်းမှ ရဲများသည် ည၁၀နာရီဝန်းကျင်ဆိုလျှင် ဆိုင်ကယ်၄စီး သို့မဟုတ် ၅စီးဖြင့် ဆိုင် ကယ်တစ်စီးလျှင် ၂ဦးစီးကာ ကင်းပတ်ထွက်နေကျဖြစ်ပြီး ရဲစခန်းအတွင်းအင်အားကိုမူ မသိကြောင်း ၎င်းက ဆိုသည်။
“ညဘက်ကြီး ပြောင်ရှင်းနေတဲ့အချိန် အလုပ်ခံရပေမဲ့ ရဲရော၊စစ်သားရော၊ပျူတွေရော ဘယ်သူမှ အသေခံပြီး မလိုက်ရဲကြဘူး။ဘယ်နေရာမှာဖြစ်ဖြစ် မလိုက်ရဲကြတာ”ဟု မြောက်ဥက္ကလာပ၊ခြောက် ကွေ့အနီးနေ အသက်၄၀ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို Yangon Army နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၇ ရက်ကလည်း လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army နှင့် ရန်ကုန်အနောင်ပိုင်းခရိုင် ပကဖတို့က ပြင်းအားမြင့် မိုင်းတစ်လုံးနှင့် လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပျူစောထီးတစ်ဦး မျက်မြင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
ရဲများ ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
