သာကေတရဲစခန်းဝင်းအတွက် ကင်းထွက်ရန်ပြင်နေသောရဲများ ပြောက်ကျားဗုံး မှန်၊ ၃ ဦး ဒဏ်ရာရ ဟုဆို

ဓာတ်ပုံ-မြို့ပြကြွက်

သာကေတနယ်မြေရဲစခန်းဝင်းအတွင်း ကင်းထွက်ရန်ပြင်နေသည့် ရဲများကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ပြကြွက်ထံက သိရသည်။

နိုဝင်ဘာ၁ရက်၊ည၁၀နာရီခွဲခန့်တွင် သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ်ရှိ သာကေတ နယ်မြေရဲစခန်းဝင်းအတွင်း ကင်းပတ်ထွက်ရန် ရဲများ စုဝေးနေစဉ် ဗုံး၂လုံးနှင့် လက်လုပ်မိုင်း၂လုံး ပစ် သွင်းခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ၃ဦးအနက် တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား မြို့ပြကြွက်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၁ နာရီကျော်လောက်မှာ ဆေးရုံကား ရဲစခန်းထဲ ဝင်သွားတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ရဲများ ကင်းလှည့်ရန် လူစုသည့်အချိန်ကို ကြိုတင်စုံစမ်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းထဲမှ သေ နတ်ဖြင့် ၅ချက်ပစ်ခတ်သံ ကြားရကာ မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့စစ်ရေးပစ်မှတ်များကို မြို့ပြပြောက်ကျားတို့ တိုက်ခိုက်ပြီးသည့်အချိန်တိုင်း စစ်သား၊ရဲနှင့် ပျူစောထီးတို့ လိုက်လံတိုက်ခိုက်ဖမ်းဆီးနိုင်ခြင်းမျိုး မရှိပေ။

မြို့ပြကြွက်တာဝန်ရှိသူက “သူတို့ထွက်လိုက်လာရင် အသက်အန္တရာယ်ပိုရှိမယ်ဆိုတာ သူတို့လည်း သိမှာပါ”ဟု ဆိုသည်။

ရဲများ ဒဏ်ရာရမှုကို မြေပြင်သတင်း ပြန်လည်ရရှိမှုအရ သိရှိခြင်းဟု မြို့ပြကြွက် တာဝန်ရှိသူက ဆိုပြီး ရဲများဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။