ချောင်းဦးမြို့တွင် PDF ဆေးရုံပေါ် စစ်တပ် လက်နက်ကြီးကျရောက်သဖြင့် PDF အများအပြား သေဆုံး ဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်တွင် စစ်ကိုင်းတိုင်း ချောင်းဦး မြို့နယ်၊ ငါးယှန်ဒေသတွင် PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ ဒဏ် ရာရသူများကို ငါးလုံးတင်ရွာရှိ PDF မြေအောက်ဆေးရုံတွင် ကုသပေးနေကြောင်း၊ စစ်တပ်က အဆိုပါဆေးရုံကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင်း နောက်ထပ် အသေအပျောက် များ ထပ်ရှိနေကြောင်း ၊ ငါးလုံးတင်ရွာ ထဲတွင် နယ်စုံက ဒဏ်ရာရ PDF ရဲဘော်များကို ကုသပေးနေကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို နိုဝင်ဘာ ၃ ရက် နေ့လည် ၁ နာရီအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ ၁၃,၀၀၀ ကျော်၊ Reaction ပေးသူ ၃၀ ကျော် ရှိခဲ့ပြီး “Truth Media, Snow Queen” အပြင် အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/vIL4Y
Truth Media – https://archive.ph/ZwKw6
Snow Queen – https://archive.ph/8UHDl
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ချောင်းဦး လက်နက်ကြီး ကျ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB” နှင့် “Mandalay Free Press” တွင် သတင်းရေးထား သည်။
“DVB” တွင် နိုဝင်ဘာ ၂ ရက် က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်တပ်အထိုင်ချ စစ်ဆေးရေးဂိတ်တွင် စစ် တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က လေးဦး သေဆုံးပြီး၊ တော်လှန် ရေးတပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ် အတိုက်ခံရပြီးနောက် စစ်တပ်က လမ်းတွေ ကို ပိတ်ဆို့ကာ စစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက် နက်ကြီးကြောင့် ချောင်းဦးမြို့၊ ငါးလုံးတင်ရွာတွင် မိန်းကလေး နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/J1Xuq
“Mandalay Free Press” တွင် နိုဝင်ဘာ ၂ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်ထွေအုပ်ရုံးထဲ အထိုင်ချတပ်စွဲထားသည့် စစ်တပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ငလုံးတင်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကြောင့် ရွာထဲရှိ အမျိုးသမီးနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တုန်းကလည်း ငလုံးတင် ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ဦး သေဆုံးပြီး နေအိမ် ၁၁ လုံး ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/qS758
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ငါးလုံးတင်ရွာရှိ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ရေးထားသည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေးဦး နှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးကြောင်း ရေးထားသည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ချောင်းဦးမြို့နယ်ထဲရှိ PDF ဆေးရုံ ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ PDF အများအပြား သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအ မှား ဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
