ဒီးမော့ဆို အနောက်ခြမ်းသို့ စစ်ကော်မရှင်က အသေခံဒရုန်းနှင့် ဂျက်ဖိုက်တာအသုံးပြု ဗုံးကြဲမှုကြောင့် ငါးဦးထက်မနည်းသေဆုံး

ဓာတ်ပုံ-MPA
ပုံစာ-ပြီးခဲ့သည့် မေလက ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်ဗုံးကြဲပြီးနောက်မြင်ကွင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းကို စစ်ကော်မရှင်က အသေခံဒရုန်းနှင့် ဂျက်ဖိုက်တာများအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ငါးဦးထက်မနည်းသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့(နိုဝင်ဘာ ၃ရက်)၊ နံနက် ၆နာရီ ၄၇ မိနစ်တွင် ပဆေးလားစျေးတစ်နေရာသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့မနက် ၇နာရီ ထိုးခါနီးလောက်မှာ ဂျက်လာတဲ့အသံကြားလို့ နားထောင်တုန်းရှိသေး ဗုံး၂လုံးတန်းကြဲသွားတာ၊ နောက်တော့ ဗုံး၁လုံးထပ်ချတာလားမသိဘူး အသံတစ်ချက်ထပ်ကြားတယ်။ ဂျက်က ကောင်းကင်ပေါ်မှာ ခနဝဲပြီး ၇နာရီ ၅မိနစ်လောက်မှ ပြန်ထွက်သွားတာ၊ ပြီးတော့ လက်နက်ကြီးသံ ခဏကြားလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

ထို့ကဲ့သို့ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု့ကာ SPV တြိဂံပုံစံရှိသည့် အသေခံဒရုန်းအပျက်အစီးများကို တွေ့ရှိခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သတင်းအတိအကျရလို့ အသေခံဒရုန်းတစ်စင်းနဲ့ အရင်ကင်းထောက်ပြီးမှ ဂျက်နဲ့ ဗုံးကြဲချတာပါ။ ပေါင် ၅၀၀ဗုံး ၂လုံးနဲ့ အသေခံဒရုန်းဗုံး၁လုံးလို့ ကနဦး သိရတယ်ပေါ့နော်။ သေဆုံးသူတွေထဲမှာ တပ်ဖွဲ့ထဲကနဲ့ KSPထဲက ရဲဘော်တွေပါတယ်၊ဘယ်သူတွေလဲဆိုတာတော့ သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

အခင်းဖြစ်နေရာအနီးနေ စျေးသည်များအား MPAမှ မေးမြန်းရာ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်းသိရပြီး ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)မှ အမျိုးသမီးရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“အသက်ကြီးပိုင်းထဲက ပြည်သူတစ်ဦးသေတယ်။ မနက်၇နာရီ ၃၀မိနစ်လောက်က တွေ့လိုက်တာပေါ့။ သေသွားတာက လေးယောက်လို့လဲပြောတယ်၊ ငါးယောက်လို့လဲပြောတယ်။ ရဲမေလေးတွေလဲ အစမှန်ပြီးထိတယ်ထင်တယ်။ အခုတော့ ဆေးရုံရောက်နေကြပါပြီဈ လူတွေလဲ ပုံမှန်အတိုင်းသွားနေကြပါတယ်”ဟု စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအား အစအဆုံး မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လွိုင်ကော်မြို့ရှိ စစ်ကော်မရှင်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကိုမေးမြန်းရာ ယခုဗုံးကြဲတိုက်ခိုက်မှုသည် KNDF လက်နက်တိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု လွိုင်ကော် ဒေသကွပ်ကဲမှုဌာနချုပ်အတွင်း မဟုတ်မမှန် ဝါဒဖြန့်ဝေလျက်ရှိသည်ဟု ပြောသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်က အသေခံဒရုန်းနှင့် ဂျက်ဖိုက်တာများကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ကူများပါ အသုံးပြုနေသောကြောင့် ဒေသခံများအနေဖြင့် စူးစမ်းခြင်းမပြုဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။