ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းကို PDFတို့ ဒရုန်းဗုံးကြဲပြီးနောက် စခန်းမှူးအိမ်နှင့် ဗိုလ်တဲအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃ရက်၊ နံနက် ၅နာရီ ၁၅မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၅နာရီ ၂၃မိနစ်ခန့်၌ ကံစုရွာ လမ်းစုံတာဂွက စခန်းမှူးနေအိမ်နှင့် ကင်းပုန်းဝပ်လေ့ရှိသည့် ဗိုလ်တဲစခန်းအားမီးရှို့ဖျက် ဆီးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁က သတင်းထုတ်ပြန်သည်။
” တစ်လုံးတည်းရယ်။ ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်။ ကျနော်တို့လည်း သေချာမသိရသေး ဘူး။ စုံစမ်းနေတုန်းပဲ။ ပြန်တုံ့ပြန်တာတော့မရှိဘူးဗျ ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်မှာ တောင်ညိုကွက်သစ်ရဲစခန်းမှူး နေလင်းအောင်၏အိမ်ဖြစ်ပြီး မီးရှို့ သည့်အချိန်တွင် အိမ်ထဲ၌ လူမရှိပေ။
” လူကတော့မရှိဘူးဗျ။ အရင်ရက်က သူတို့စစ်ကြောင်းကို ဒီကနေချောင်းပြီးတော့ စနိုက်ပါနဲ့ပစ်တော့ အဲ့စခန်းမှူးထိထားတော့ ဆေးရုံတက်နေတဲ့အချိန်ဖြစ်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် နံနက် ၆နာရီ ၁၅မိနစ်ခန့်တွင် တောင်ညိုရဲကင်းစခန်းမှ ကင်းထွက်လာသည့် စစ်သားနှင့်ရဲ အင်အား ၂၀ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” အကုန်လုံးပြီးသွားမှ သူတို့ထွက်လာတာ။ ထွက်လာတော့ ကျနော်တို့ မိုင်းနှစ်ကွင်းဆွဲတာ။ ကံစု သင်္ချိုင်းကုန်းနား အဲ့နေရာမှာဆွဲတာ။ ကံစုရွာထိပ်ပေါ့” ဟု ၎င်းကပြောသည်။
မင်းဘူးကျွန်းအောက်စုပျူရွာတွင် လက်နက်ကိုင်ပျူစောထီး ၄၀ဝန်းကျင်ရှိကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁မှ ရဲဘော်များနှင့် တပ်ခွဲ ၂မှရဲဘော်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFတို့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်တို့ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
