ပခုက္ကူလေယာဉ်ကွင်းထိပ်တွင် ငွေတောင်းရမ်းနေစဉ် ဖမ်းဆီးမိသော ကိုယ်ဝန်သည်ရဲမယားကို PDF ပြန်လွှတ်

ဓာတ်ပုံ - ရေစကြိုပကဖ
ပုံစာ - ၂၀၂၄ခု၊ ဇန်နဝါရီလက ပခုက္ကူလေဆိပ်ကို ကာကွယ်ရေးရဲဘော်များ ဝင်ရောက်စဉ်။ ( ပုံဟောင်း )

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်တွင် ကုန်ကားများကို ငွေတောင်းရမ်းနေစဉ် ဖမ်းဆီးမိခဲ့သော ကိုယ်ဝန်သည် ရဲမယားအား လူသားချင်းစာနာစိတ်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။

‌နိုဝင်ဘာ ၁ရက်၊ နံနက် ၇ နာရီခွဲခန့်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်တွင် ရဲလင်မယား‌ ငွေတောင်းရမ်းနေကြောင်း သတင်းရရှိသည့်အတွက် စစ်သားယူနီဖောင်းဝတ်ဆင်ကာ အသွင်ယူပြီး သွားရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်သား သေဆုံးသွားပြီး ၎င်း၏ ဇနီးအား ဖမ်းဆီးမိခဲ့ကြောင်း ယနေ့ ( ‌နိုဝင်ဘာ ၄ရက် )၊ နံနက်ပိုင်း၌ Southern YSO PDF က သတင်းထုတ်ပြန်သည်။

” လေယာဉ်ကွင်းမှာ သူတို့ဟာသူတို့‌ နေ့တိုင်း ဒါမှမဟုတ် နှစ်ရက်ခြား တစ်ခါ ကားတွေကို ပိုက်ဆံ ထွက်တောင်းကြတာ။ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ရဲကို ပစ်လိုက်တယ်။ မိန်းမကတော့ ဗိုက်ကြီးနဲ့မို့ မပစ်ပါနဲ့ တောင်းပန်တာနဲ့ လမ်းတစ်နေရာထိ ခေါ်လာပြီး မေးမြန်းတယ်။ နောက်တစ် ရက် နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ လွှတ်ပေးတာက သူသည် ရဲမိန်းမဖြစ်ပေမဲ့ ဗိုက်ထဲမှာရှိတဲ့ကလေးကြောင့် လူသားချင်းစာနာစိတ်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ ” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက MPA ကို ပြောသည်။

ယင်းပစ်ခတ်မှုတွင် သေဆုံးခဲ့သည့်ရဲမှာ ရဲတပ်သား ရည်မွန် (၂၈နှစ်)ဖြစ်ပြီး ရဲလုပ်သက် ၆ နှစ်ရှိပြီဖြစ်ကာ ပခုက္ကူမြို့ဇာတိဖြစ်ကြောင်း သိရသည်။

” အခင်းဖြစ်ပွားနေရာနဲ့ မီတာ ၂၀၀ အကွာက ကင်းဂိတ်ကနေ လက်နက်ငယ်နဲ့ ပစ်ကူပေးလို့ ၄၀ မမ တစ်လုံး ပြန်ပစ်ခဲ့တယ်။ တစ်ယောက်သေတယ်လို့ သိရတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းပစ်ခတ်မှုအတွင်း MA1 သေနတ်တစ်လက်နှင့် ဆိုင်ကယ် တစ်စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပခုက္ကူလေယာဉ်ကွင်းသည် ပခုက္ကူမြို့၏ အရှေ့မြောက်ဘက် ၅မိုင်ခန့်အကွာ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် တည်ရှိသည်။