ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် CDM ရဲဘော် KSP ရဲကင်းမှုး စောဧလီယာ၏ သင်္ဂြိုဟ်ပွဲအား ယနေ့(နိုဝင်ဘာ ၄ရက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်္ဂြိုဟ်ပွဲအား ယနေ့ နေ့လယ် ၁၂နာရီတွင် ပဆေးလာသင်္ချိုင်းအတွင်း ပြုလုပ်ခဲ့ပြီး ကျဆုံး ရဲကင်းမှူး၏ မိသားစုဝင်များ၊ KSP မှတာဝန်ရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး ခရစ်ယာန်ဘာသာဓလေ့အတိုင်း ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။
“သူ့ရဲ့မိသားစုက အာဇာနည်ကုန်းမှာ မချချင်ဘူး။ ကိုဗစ်ကာလတုန်းက သေသွားတဲ့ သူ့အဖေဘေးနားမှာဘဲ ဂူသွင်းလိုက်တာပါ၊ ဂူသွင်းမြေချတာကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ်”ဟု သင်္ဂြိုဟ်ပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
ရဲကင်းမှုး စောဧလိယာသည် ၂၀၂၄ခုနှစ် ၊ ဇန်ဝါရီလမှ စတင်ကာ ကရင်နီပြည်ရဲဌာန(KSP) ၊ အမှတ် ၉ ရဲစခန်း၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၊ ၂၀၂၅ခုနှစ်၊ ဧပြီ လေးရက်တွင် ပဆေးလာရဲကင်း၏ ရဲကင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး ယမန်နေ့က ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကော်မရှင် ဗုံးကြဲခဲ့မှု၌ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“သူက ပဆေးလာရဲစခန်းရဲ့ စခန်းမှုးပါ။ သူနဲ့အမှတ်တရတွေကတော့ အများကြီးပါပဲ။ မနေ့က စစ်တပ်က လေယာဉ်နဲ့လာကြဲတော့ ဗုံးစထိမှန်ပြီး ကျသွားတာပါ”ဟု ကျဆုံး ရဲကင်းမှူး စောဧလိယာနှင့် ရင်းနှီးသည့် ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
ကျဆုံးရဲကင်းမှူးသည် စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ မတ် ၃ရက်မှ စတင်ကာ CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ကျဆုံးချိန်ထိ ပြည်သူများဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ကျဆုံးရဲကင်းမှူး၏ သင်္ဂြိုဟ်ပွဲ၌ ကရင်နီပြည်ရဲဌာန(KSP) တာဝန်ရှိသူတစ်ဦးက အမိန့်ပြန်တန်းဖတ်ကြားခဲ့ပြီး ရဲဘော်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သည်။










