Bangkok Post
အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းပါက ဥပဒေပြု အောက်လွှတ်တော်ကို မူလသတ်မှတ်ထားသည့် ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ဖျက်သိမ်းပစ်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က နိုဝင်ဘာ ၅ ရက်တွင် သတိပေးလိုက်ပြီး အစိုးရအား လက်လွတ်စပယ် တိုက်ခိုက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံရေး အတိုက်အခံများအား ပြောကြားလိုက်သည်။
နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် “Thailand’s Next Frontier: A National Economic Vision” ဖိုရမ်တွင် ဝန်ကြီးချုပ်အား ပြည်သူ့ပါတီ (PP) နှင့် သဘောတူညီချက် မူကြမ်းအရ လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်ရှိမရှိ မေးမြန်းမှုအပေါ် အနုတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်ရဲ့ ရပ်တည်ချက်ကို ဘယ်တော့မှ မပြောင်းလဲပါဘူး။ ပြည်သူ့ပါတီက ကျွန်တော့်ကို ဝန်ကြီးချုပ် ဖြစ်လာအောင် ကူညီခဲ့တာမို့ အဲဒီကတိကို ကျွန်တော် တန်ဖိုးထားရမယ်။ ၄ လပြည့်တာနဲ့ လွှတ်တော်ကို ဖျက်သိမ်းမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အတိုက်အခံများက အယုံအကြည်မရှိ အဆိုတင်သွင်းမှု စတင်ပါက လွှတ်တော်ကို စောစီးစွာ ဖျက်သိမ်းနိုင်သည်ဟူသော ကောလာဟလများနှင့်ပတ်သက်၍လည်း အခြေအနေကို သင့်လျော်သော အချိန်တွင် အကဲဖြတ်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
” အယုံအကြည်မရှိ အဆိုတင်သွင်းမှုတွေနဲ့ ပတ်သက်လို့ အချိန်နဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။
“ဒီဇင်ဘာလမှာ ပါလီမန် ပြန်လည်စတင်ဖို့ စီစဉ်ထားပြီး ကျွန်တော်ကတော့ ဇန်နဝါရီ ၃၁ ရက်မှာ လွှတ်တော် ဖျက်သိမ်းဖို့ ရည်ရွယ်ထားပြီးသားပါ။ ဂိမ်း သဘောမျိုးနဲ့ ဒါမှမဟုတ် လက်လွတ်စပယ်ဝင်ရောက်တိုက်ခိုက်ဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
“ဒါက နိုင်ငံရေး ဂိမ်းတစ်ခု ဖြစ်လာပြီး အစိုးရက လိုက်မကစားနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်းပဲ လွှတ်တော်ကို ဖျက်သိမ်းပစ်မယ်၊ တစ်လစောတာလောက်ပဲ ရှိတာမို့ သိပ်အရေးမကြီးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
