ကရင်နီလွတ်မြောက်နယ်မြေမှာ ပြုသည့် ဘာသာပေါင်းစုံ စုပေါင်း ဘုံကထိန်ပွဲ

ဓာတ်ပုံ - MPA

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ တော်လှန်ရေးလွတ်မြောက်နယ်မြေ၌ ဘာသာပေါင်းစုံပါဝင်သည့် စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့(နိုဝင်ဘာ ၄ရက်)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘုံကထိန်ပွဲကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ ဗျူဟာ(၂) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအပြင် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များပါ ပါဝင်ဆင်နွှဲခဲ့သည်။

“ဒါကနှစ်နှစ်မြောက်၊ပြီးခဲ့တဲ့နှစ်ကတော့ တအားအကြီးအကျယ်မဟုတ်ဘူး။ ဒီနှစ်ကိုအကြီးအကျယ်လုပ်ဖို့စီစဉ်ထားတာ၊ ဒါပေမယ့်လဲ မနေ့ကဖြစ်သွားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းမှာဘဲ အကျဉ်းချုံးကျင်းပလိုက်တာ၊ ပုံမှန်ဆို ဒီနှစ်က ကထိန်ကို ပဒေသာပင်ကို ၁၃ခု ၁၄ခု၊ကားအစီး ၂၀လောက်နဲ့ ဒီကျောင်းကို ကထိန်ခင်းဖို့ စီစဉ်ထားတာပါ။ရင်းမှာက ခရစ်ယာန်တွေရော၊အစ္စလာမ်ဘာသာဝင်တွေရောရှိပါတယ်။ သူတို့တွေလဲ ပါဝင်အားဖြည့်ကူညီကြပါတယ်”ဟု ကလလတ ဗျုဟာ (၂)မှ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ ဘုံကထိန်ပွဲအား ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး ကလလတ ဗျုဟာ(၂)မှ ဦးစီးကာ DMO Local PDF၊ Loikaw Local PDF နှင့်ဒေသခံများ စုပေါင်းပါဝင်ကုသိုလ်ယူခဲ့ကြသည်။

စုပေါင်း မဟာဘုံကထိန်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်များကိုလည်း ရေစက်ချကာ အမျှအတမ်းပေးဝေမှုများလည်းပြုလုပ်ခဲ့သည်။