ဖိလစ်ပိုင်အလယ်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးပြီး ၅ ဦး သေဆုံး

ဓာတ်ပုံ- AFP
ပုံစာ-- ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ဖိလစ်ပိုင်အလယ်ပိုင်း စီဘူးမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ကယ်မက်ဂီ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရေစီးဖြင့် မျောပါလာသော ကားများကို တွေ့ရစဉ်

ကယ်မက်ဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် နိုဝင်ဘာလ ၄ ရက်နေ့က ဖိလစ်ပိုင်အလယ်ပိုင်းဒေသတွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူ ၅ ဦး ထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရသည်။

စီဘူးကျွန်းပေါ်ရှိ မြို့နယ်အချို့လုံးဝ ရေလွှမ်းမိုးခြင်း ခံခဲ့ရပြီး၊ ကားများ၊ ထရပ်ကားများသာမက ကြီးမားသော သင်္ဘောတင် ကွန်တိန်နာများကိုပင် ရွှံ့ရေများနှင့်အတူ စီးမျောသွားခဲ့သည်။

ကယ်မက်ဂီ ကုန်းပေါ်မရောက်မီ ၂၄ နာရီအတွင်း စီဘူးမြို့တော် ပတ်ဝန်းကျင်၌ မိုးရေချိန် ၁၈၃ မီလီမီတာ ရွာသွန်းခဲ့ပြီး ၎င်းတို့၏ လစဉ်ပျမ်းမျှ မိုးရေချိန် ၁၃၁ မီလီမီတာထက် အများကြီး ကျော်လွန်ခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ပညာရှင် ချာမက်နေဗာရီလာက AFP သတင်းဌာနသို့ ပြောကြား သည်။

“စီဘူးက အခြေအနေကတော့ တကယ်ကို မကြုံစဖူးပါပဲ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ပါမယ်လာ ဘာရီကူထရိုကလည်း ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် Facebook ပို့စ်တွင် ရေးသားခဲ့သည်။

“လေတိုက်နှုန်းက အန္တရာယ်ရှိလိမ့်မယ်လို့ ထင်ထားခဲ့ ပေမယ့် ရေကြီးမှု အန္တရာယ်ပဲ ဖြစ်ခဲ့တာပါ၊ အပျက်အစီးလည်း များခဲ့ပါတယ်” ၎င်းက ပြောကြားခဲ့သည်။

စီဘူးမြို့တွင် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ရေကြီးမှုကြောင့် ပိတ်မိနေသူများထံ ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အခြားဒေသများတွင်လည်း သေဆုံးသူ သုံးဦးထက်မနည်းရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယင်းတို့အနက် လေတီပြည်နယ်ရှိ နေအိမ်၏ အပေါ်ထပ်တွင် ရေနစ်သေဆုံးခဲ့သည့် သက်ကြီးရွယ်အိုတစ်ဦးနှင့် ဘိုဟောပြည်နယ်တွင် သစ်ပင်လဲကျ၍ သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးတို့ ပါဝင်သည်။

လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းများသည် ပိုမို အားကောင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ ပိုနွေးသော သမုဒ္ဒရာများသည် တိုင်ဖွန်းမုန်တိုင်းများကို လျင်မြန်စွာ အားကောင်းစေပြီး ပိုနွေးသော လေထုက အစိုဓာတ် ပိုမိုထိန်းထားနိုင်သောကြောင့် မိုးသည်းထန်စွာ ရွာသွန်းစေသည်။

စက်တင်ဘာလနှောင်းပိုင်းက ပြင်းအား ၆.၉ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့ပြီးနောက် ယာယီတဲအိမ်ရာများတွင် နေထိုင်နေကြဆဲဖြစ်သည့် ရာပေါင်းများစွာသော ဒေသခံများကို “၎င်းတို့၏ လုံခြုံရေးအတွက် အတင်းအကျပ် ရွှေ့ပြောင်းပေးခဲ့ရသည်” ဟု စီဘူး သတင်းအရာရှိ ရိုရာမို့စ်က AFP သတင်းဌာနသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

စုစုပေါင်း လူဦးရေ ၄၀၀,၀၀၀ နီးပါးကို မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းမှ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ရာဖေးလစ်တိုအယ်ဂျန်ဒရိုက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မုန်တိုင်းသည် ဗီဆာယန်ကျွန်းစုများကို ဖြတ်၍ အနောက်ဘက်သို့ ရွေ့လျားနေပြီး တစ်နာရီလျှင် ၁၃၀ ကီလိုမီတာနှုန်း လေတိုက်နှုန်းနှင့် တစ်နာရီလျှင် ၁၈၀ ကီလိုမီတာနှုန်း လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များလဲကျကာ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်တိုင်းနှင့် တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်လေ့ရှိပြီး သန်းနှင့်ချီသော လူများ ဆင်းရဲစွာ နေထိုင်ကြသည့် ဘေးအန္တရာယ်ကျရောက်တတ်သော နေရာများကို ပုံမှန်တိုက်ခတ်လေ့ရှိသည်။