စစ်ကော်မရှင်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် မွန်ပြည်နယ်၌ စက်သုံးဆီ ပြတ်လပ်မှုများဖြစ်ပေါ်နေ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - စက်သုံးဆီ ပြတ်လပ်မည့်သတင်းကြောင့် မွန်ပြည်နယ်က မြို့နယ်အချို့မှာ လိုက်လံဝယ်ယူနေစဉ်။ (ပုံဟောင်း)

စစ်ကော်မရှင်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စက်သုံးဆီပြတ်လပ်ကာ ပြည်သူများစွာ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်မှ စတင်ကာ မွန်ပြည်နယ်မြို့တော်၊ မော်လမြိုင်မြို့အပါအဝင် မြို့နယ်အများစုရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ ပုံမှန်ရောင်းနေကြ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိရာမှ နိုဝင်ဘာ ၁ရက်မှစတင်ပြီး အရောင်းဆိုင်များ၌ စက်သုံးဆီ ပြတ်လပ်လာခြင်းဖြစ်သည်။

“အောက်တိုဘာလကုန်ပိုင်းလောက်မှာ တချို့ဆိုင်တွေဆို မရှိတော့ဘူး၊ ဟိုဆိုင်နည်းနည်း၊ ဒီဆိုင်နည်းနည်း သွားဝယ်ရတယ်၊ ပိုဆိုးလာတာ အခု ဒီလအစပိုင်းမှာ အချို့ဆိုင်ဆို လုံးဝမရှိတော့ဘူးတဲ့၊ မရောက်သေးဘူးတဲ့၊ အချို့ဆိုင်ကြ ရှိနေရဲ့သားနဲ့ မရောင်းတာမျိုးလဲ ရှိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

ယခင်က မွန်ပြည်နယ်အတွက် လိုအပ်သည့် စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတဆင့် တင်သွင်း ယူရနေသော်လည်း နောက်ပိုင်း မုဒုံမြို့နယ် ကတုံးပေါ်ဆိပ်ကမ်းမှတဆင့် ယူဆောင်ရမည်ဟု စစ်ကော်မရှင်က ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထိုကဲ့သို့ ကတုံးပေါ်ဆိပ်ကမ်းမှ စက်သုံးဆီ သို့လှောင်ဖြန့်ဖြူးရောင်းချခွင့်ရရှိသူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အခြားမြို့နယ်များဘက်သို့ မှောင်ခို သယ်ယူမှုများ ရှိလာသောကြောင့် ပြည်နယ်အတွင်း လိုအပ်သည့် စက်သုံးဆီများ ပြတ်လပ်ရခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

“ကတုံးပေါ်ဆိပ်ကနေ ယူဖို့ ပြောင်းလဲလိုက်တာမကြာသေးတော့ စီမံခန့်ခွဲမှုက အဆင်မပြေတာတစ်ချက်၊ ပြီးတော့ ကရင်ဘက် အချို့မြို့နယ်တွေမှာ စက်သုံးဆီဖျက်ခံထားရတာ ရှိတယ်။ အဲဒီမြို့နယ်အတွက်ကို ခိုးသွင်းနေကြတာ၊ စီမံခန့်မှုအလွဲနဲ့ ဟိုဘက်ကိုလည်း ပို့နေတော့ ဒီက လိုအပ်ချက်တွေ ဖြစ်လာတော့ လုပ်ငန်းရှင်တွေပြည်သူတွေ အသံအရင်ထွက်လာတယ်လေ” ဟု မော်လမြိုင်မြို့တွင် နေထိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်သုံးဆီ ပြတ်လပ်နေသည့် မွန်ပြည်နယ်၌ လက်ရှိ ၉၅ တစ်လီတာ ကျပ် ၃၀၀၀ဝန်းကျင်၊ ၉၂ တစ်လီတာ ၂၉၀၀ ဝန်းကျင်၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၂၀၀ ဝန်းကျင် ရှိသည်ဟု စစ်ကော်မရှင်လက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထာသော်လည်း မြေပြင်၌ စျေးနှစ်ဆခန့်မြင့်မားနေပြီး လိုသလို ဝယ်ယူ၍ မရဘဲ ဖြစ်နေသည်။

“ကယ်ရီဆွဲတဲ့သူလည်း ဒုက္ခရောက်သလို၊ စက်သုံးဆီကို အသုံးပြုနေတဲ့ သူတိုင်း အလွှာတိုင်းက ဒုက္ခရောက် ကြတာပဲ၊ အခုဟာက အမျိုးမျိုး ပြောနေကြတာပဲ၊ ဈေးကျလို့ ထုတ်မရောင်းတာ တစ်မျိုး၊ အခုက စပါးရိတ်သိမ်းနေတဲ့ ကာလလေ လိုတာပေါ့၊ စပါးတွေက ကြွေကုန်မယ် အချိန်မီ မရိတ်သိမ်းနိုင်ရင်၊ ဒါက နှစ်တိုင်းလိုလိုဖြစ်နေတာ အာဏာပိုင်တွေ စီမံခန့်ခွဲမှု အတော်ကို ညံ့လိုက်တာဗျာ” ဟု ပေါင်မြို့နယ်တွင် စပါးရိတ်သိမ်း ခြွေလှေ့စက်မောင်းနှင်သူ တစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်နှင့် ပေါင်မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်ထက်မနည်းကို MPA ၏ သတင်းရင်းမြစ်အချို့က လိုက်လံမေးမြန်းရာ ဆိုင်အများစုက စက်သုံးဆီ ပြတ်လပ်နေသည်ဟု ပြန်လည်ဖြေကြားခဲ့ပြီး အချို့ဆိုင်များက အကန့်အသတ်ဖြင့် ရောင်းချပေးမှုများရှိနေကြောင်း ပြောသည်။

လက်ရှိ တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်သည့်အတွက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ အထင် ကရနေရာများ၊ စေတီပုထိုးများကို လာရောက်လည်ပတ်သူများ လိုအပ်သည့် စက်သုံးဆီများကို ဝယ်ယူရန် အခက်အခဲများ ဖြစ်နေကြောင်း လှုမှုကွန်ယက် (Facebook)စာမျက်နှာများတွင် ပြောဆိုရေးသားမှုများ ရှိနေသည်။

စစ်တပ်အာဏာမသိမ်းခင်က စက်သုံးဆီတစ်လီတာကို ငွေကျပ် ရာဂဏန်းသာ ဈေးရှိခဲ့သော်လည်း အာဏာသိမ်း ပြီးနောက် မွန်အပါအဝင် နိုင်ငံတဝန်းမှာ ၅ ဆကျော်ဈေးမြင့်တက်လာသည်။