မြိုင်တောင်ပိုင်းရောက် စစ်ကြောင်းကို PDF တိုက်မည်စိုးသဖြင့် လေကြောင်းဗုံးကြဲ ကာပေးနေ

ဓာတ်ပုံ - အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်
ပုံစာ - မြိုင်နယ်အရှေ့ပိုင်းသို့ စစ်ကြောင်းဝင်ရောက်စဉ်က ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများ ။(ပုံဟောင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းကို PDF တို့ တိုက်ခိုက်မည်စိုးသဖြင့် လေကြောင်းမှ ဗုံးကြဲချနေကြောင်းသိရသည်။

နိုဝင်ဘာ ၃ရက်မှစ၍ ပခုက္ကူတပ်မ ၁၀၁မှထွက်လာသည့် အင်အား ၃၀၀ပါစစ်ကြောင်းသည် မြိုင်မြို့နယ်၊ တွင်းမှပျူ‌ရွာမှ နှမ်းဆီကန်ရွာသို့ ရောက်ရှိနေပြီး ယနေ့(နိုဝင်ဘာ၆ရက်)နံနက် ၈နာရီ ၂၅မိနစ်ခန့်တွင် စစ်ကြောင်းအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာနှင့် ပါရာမော်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ထံက သိရသည်။

” စစ်ကြောင်းနဲ့ အနီးတစ်ဝိုက်ပေါ့ဗျာ။ နှမ်းဆီကန်ရဲ့ ဘေးနားပတ်ချာလည်တွေကို လေကြောင်း တိုက် ခိုက်မှုလုပ်တာလို့သိရတယ်ဗျ။ စစ်ကြောင်းလမ်းရှင်းပေးတာမျိုးတော့ မဟုတ်လောက်ဘူးဗျ။ စစ်ကြောင်းကို ကာပေးတဲ့ သဘောပဲဖြစ်လိမ့်မယ်။ လာတိုက်မှာစိုးလို့ပေါ့” ဟု အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်မှ ဆရာထွေးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် နိုဝင်ဘာ ၅ရက်က နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း ပျက်စီးဆုံးရှုံး မှု အခြေ‌အနေကို မသိရသေးပေ။

“ကြာပြီနော်။ အကုန်လုံးပတ်ထိုးနေတာ။ ဒီလဆန်းပိုင်းလောက်ကတည်းက ထိုးနေတဲ့စစ်ကြောင်း ဗျ။ မြိုင်တောင်ပိုင်းကို ခုရက်ထဲမှ ရောက်လာတာဗျ။ ၃ရက်နေ့လောက်က စဝင်တာ။ မနေ့ကတော့ နှမ်းဆီကန်မီးရှို့တယ်ကြားတယ်ဗျ။ ၄ရက်နေ့ကလည်း နှမ်းဆီကန်ဝင်တယ်ဗျ။ အဲ့နေ့ကတော့ နှမ်းဆီကန်ကိုရောက်ရောက်ချင်းဝင်တာ။ ၅ရက်နေ့က နှမ်းဆီကန်ကို ထပ်ဝင်တယ်ဗျ။ ထပ်ပြီးမီး ရှို့တယ်ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းကြောင့် နှမ်းဆီကန်နှင့် သာစည်ကျေးရွာသားများအပါအဝင် ပြည်သူ ၂၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ရှောင်ရတာက မြိုင်နယ်တောင်ပိုင်းမှာကတော့ နှမ်းဆီကန်၊ သာစည်၊ တွင်းမပေါ့ဗျာ။ သူတို့က နဂိုကတည်းက ရေရှည်စစ်ရှောင်ရွာတွေဗျ။ နှမ်းဆီကန်တို့ သာစည်တို့ဆိုတာ နဂိုတုန်းကတည်းက ရွာထဲမနေဘဲ အပြင်ထွက်နေကြတာပေါ့ဗျာ။ အဲ့ထဲမှာ တွင်းမပျူရွာကနေထွက်လာတဲ့ စစ်ရှောင်တွေ ရောရှိတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ ကလည်း နှမ်းဆီကန်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာနှင့်ချီ မီးလောင်ပျက်စီးခဲ့သေးသည်။

စာတည်း-ML