နာမည်ကြီး မင်းသမီး ဖွေးဖွေး ဝါဒဖြန့် ဇာတ်လမ်း မရိုက်၍ ဖမ်းဆီးခံရဟု သတင်းထွက်နေပြီး အဆက်အသွယ်ပြတ်တောက်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

နာမည်ကြီး မင်းသမီး ဖွေးဖွေးသည် ယနေ့(နိုဝင်ဘာ ၆ရက်) နေ့လယ်ပိုင်းမှ စတင်ကာ အဆက်အသွယ် ပြတ်တောက်နေပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကား မရိုက်သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း သိရသည်။

” ဖွေးဖွေး မန်နေဂျာကို ဖုန်းဆက်တာ လုံးဝ ဆက်လို့မရပါဘူး။ အကုန်လုံး ဝိုင်းဆက်နေကြတာပါ” ဟု အနုပညာ သတင်းထောက် တစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ယနေ့ မွန်းလွဲပိုင်းတွင် ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့် နေရာသို့ လာရောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

” ကျတော်ကြားတာကတော့ သူ့ ရှုတင်မှာ စစ်တပ်က လာဖမ်းသွားတာလို့ ကြားတယ်။ သေချာ အတည်ပြုလို့ကတော့ မရသေးဘူး။ သိရတာနဲ့ ပြန်ပြောပါမယ်” ဟု ပြည်တွင်း သရုပ်ဆောင်တစ်ဦးက ပြောသည်။

ဖွေးဖွေးသည် လက်ရှိ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများအရ စစ်ကော်မရှင် ပြုလုပ်သည့် ရွေးကောက်ပွဲ ဝါဒဖြန့် ကိစ္စများတွင် ပူးပေါင်းပါဝင်ခြင်း မရှိသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

ဖွေးဖွေးနှင့် ပတ်သတ်၍ စစ်တပ် အမာခံ ဝါဒဖြန့် လော်ဘီ ကျော်မျိုးမင်းကလည်း ယမန်နေ့( နိုဝင်ဘာ ၅ရက်) က ရွေးကောက်ပွဲ ဝါဒဖြန့်ကိစ္စများတွင် မပါဝင်မှုနှင့်ပတ်သတ်ပြီး အပြစ်ဖို့ ဝါဒဖြန့်မှုများ ပြုလုပ်ထားသည်။

ယခုထွက်ပေါ်နေသော သတင်းများတွင် သရုပ်ဆောင် အလင်းရောင်သည်လည်း ရွေးကောက်ပွဲ ဝါဒဖြန့် ကိစ္စများတွင် မပါဝင်လိုသဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

” ရွေးကောက်ပွဲ ဝါဒဖြန့် slogan ရိုက်ခိုင်းဖို့ ဆက်သွယ်တာ ဖုန်းမကိုင်ကြဘူးလို့ သိရတယ်။ ဒါကြောင့် သူတို့ကို ဖမ်းတယ်လို့ကြားပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ ဝါဒဖြန့်ပေးရန် အနုပညာသမားများကို အတင်းအကျပ် ဖိအားပေး ခိုင်းစေနေပြီး မပြုလုပ်ပါက ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

၄င်းတို့၏ ပထမဆုံး ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းတို ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းကို ဖြန့်ဝေပြီးနောက် ယင်းဇာတ်လမ်းအား ဝေဖန်သူများအပြင် ဝေဖန်သူများ တင်ထားသည့် ပို့စ်များကို like ပေးရုံဖြင့်ပင် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။

အထင်ရှားဆုံးမှာ ပြီးခဲ့သည့် ရက်ပိုင်းက ဒါရိုက်တာမိုက်တီး၊ ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ သရုပ်ဆောင် ကျောဝင်းထွဋ်နှင့် အုန်းဒိုင်း တို့၏ ဖမ်းဆီးခံရမှုပင် ဖြစ်သည်။