မင်းပြားပြည်သူများကို ညအချိန် စစ်တပ် ဗုံးကြဲမှု အမျိုးသမီးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ရခိုင်ပြည်နယ်၊ မင်းပြားမြို့အဝင်ဆိုင်းဘုတ်။ ( ပုံဟောင်း )

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို စစ်တပ်က ညအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးငယ်၂ဦးအပါအဝင် ပြည်သူ ၅ဦး သေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၇ရက်၊ ည ၈ နာရီဝန်းကျင်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အမျိုးသား၂ယောက်က ပွဲချင်းပြီးသေဆုံးတယ်။ ဆေးကုရင်းနဲ့ သေတာက အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပါ။ ကျန်တစ်ယောက်က ဒီမနက်မှ အလောင်းထပ်တွေ့တာ။ စုစုပေါင်း သေဆုံးသူ ၅ဦးရှိပါတယ်။ သေတဲ့အထဲ မြေပုံကနေ ဒီကို စစ်လာရှောင်တဲ့ သားအဖရော ပါတယ် ” ဟု မင်းပြားမြို့ သတင်းရင်းမြစ်က MPA ကို ပြောသည်။

သေဆုံးသူများမှာ မင်းပြားမြို့၊မြို့သစ်ရပ်ကွက် နေ ဦးမောင်သန်းဌေး(၄၆နှစ်)၊ ဥက္ကာပျံရပ်ကွက်နေ မခိုင်စန်းရွှေ(၁၇နှစ်)နှင့် မသိင်္ဂီကျော်(၁၅နှစ်)၊ မြေပုံမြို့နယ်မှ မင်းပြားမြို့သို့ စစ်လာရှောင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဦးမောင်သန်း(အသက်၅၀)နှင့် ကိုသန်းမောင်ဌေး(အသက်၃၀)တို့ ဖြစ်သည်။

” ခိုင်စန်းရွှေနဲ့ သိင်္ဂီကျော်က အဲဒီရပ်ကွက်မှာ စာသွားကျက်ရင်း ဗုံးကြဲတာနဲ့ ကြုံသွားတာ။ စိတ်မကောင်းဘူးပေါ့။ ဒဏ်ရာရတာက အမျိုးသမီးက ၆ဦး၊ အမျိုးသား ၃ဦးရှိပါတယ်။ အခြေအနေ စောင့်ကြည့်နေတုန်းပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၃လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီကျော်ကလည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။