သက်သက်ခိုင်၊ စန္ဒာမင်း….နဲ့ ဂုတ်ကျားနိုင်ငံရေး

အမတ်လောင်း ဖြစ်ချင်လွန်းလို့ ဘဏ်ကြွေး ကျပ်သိန်းငါးသောင်း မြန်မြန်ပြေးဆပ်လိုက်တယ်လို့ နိုင်ငံ ရေးခြံခုန်ကူးခဲ့တဲ့ သက်သက်ခိုင်တစ်ယောက် မရှူနိုင်မကယ်နိုင် ဝန်ခံလိုက်ရတယ်။

သိန်းငါးသောင်းဆိုတာ ရန်ကုန်မြို့က လူလတ်တန်းစားတွေအတွက်ပင် ဖျားလောက်ဖွယ်။သိန်းငါး သောင်း အကြွေးဆပ်ပြီးပေမဲ့ နောက်ထပ်အကြွေး ဘယ်လောက်ကျန်သေးသလဲဆိုတော့ မိသားစုစီးပွားရေး ကိုယ်ရေး ကိုယ်တာလို့ဆိုကာ မပြော။ဒါပေမဲ့၊သတင်းတချို့က ကမ္ဘောဇဘဏ်ကနေ ချေးထားပြီး ပြန်မဆပ်နိုင် သေးတာ ကျပ်ဘီလီများစွာလို့ ဆိုတယ်။ထား။

အောက်တိုဘာ၁၉ရက်မှာ တရားမဝင်ရွေးကောက်ပွဲဝင်ခွင့်ရ အမတ်ရူးစာရင်းထုတ်ပြန်တော့ သက်သက် ခိုင်နာမည် ပါရုံတင်မက ပြိုင်ခွင့်ရအမတ်ရူးသက်သေခံကတ်ပင် လက်ဝယ်ရရှိ။မအောင်မြင်တဲ့ အာဏာသိမ်းပွဲစ တင်တဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၅ဇန်နဝါရီအထိ မင်းအောင်လှိုင်တော်ကောက်ကာ လူကယ်ပြန်ဝန်ကြီးနဲ့ ဟိုတယ် ခရီးဝန်ကြီးတောင် ဖြစ်ခဲ့သေးတာဆိုတော့ တရားမဝင်ရွေးကောက်ပွဲသာ နိုင်ခဲ့ရင် ပြည်ထောင်စုဝန်ကြီးတစ်နေရာ တော့ မှန်းနိုင်တယ်လို့ သက်သက်ခိုင် အိပ်မက်မက်နေမယ့်ပုံ။

ဒါပေမဲ့၊၂၁ရက်ညမှာ တရားမဝင်ရွေးကော်ပို့လိုက်တဲ့စာက ရွေးကောက်ပွဲဥပဒေပုဒ်မ၈(ဃ) နဲ့ ငြိစွန်းနေ တာမို့ အမတ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်ပါကြောင်းတဲ့။သက်သက်ခိုင်အမတ်ရူးရူးခွင့်ပင်မရှိ၊ ရင်ဘတ် စည်တီးရတော့တယ်။

ဒီလောက်စစ်အာဏာရှင်တွေဘက်ကနေ ထမီစွန်တောင်ဆွဲကာ ကက်ကက်လန် ရပ်တည်ခဲ့တဲ့သူ။ဒေါ် အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုတောင် လာဘ်စားမှုနဲ့ ပြစ်ဒဏ်ကျနေသူပါလို့ မင်းအောင်လှိုင်အကြိုက် မဟုတ်မမှန် အပုပ်ချခဲ့သေးတဲ့သူ။ ပြီးတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း။ဒီလောက် ငရဲပြည်ဆီ တစ်လှေတည်းစီးသူချင်းတောင် အချင်းချင်း တိုးတိုးတိတ်တိတ် ဘယ်သို့ဘယ်ပုံ ငြိစွန်းနေကြောင်း တစ်ခွန်းလေး လာမပြောဘဲ အလစ်မှာ ရင်ဝကို စုံကန်ခံရသလိုမျိုးမို့ ရင်ကွဲပက်လက်။ဒါပေမဲ့၊ ဒလဟောကျလာတဲ့ မျက်ရည် တွေကို ထမီနဲ့ ဆီးခံသုတ်ရုံကလွဲ သက်သက်ခိုင် ဘယ်ပြန်ပြောဝံ့မလဲ။

ရွေးကောက်ပွဲဥပဒေပုဒ်မ၈(ဃ)က အမတ်လောင်းတွေဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန် များ ကင်းရှင်းသူ ဖြစ်ရမည်” လို့ ပြဌာန်းထားတယ်။မိသားစုအကြွေး ဘီလီယံများစွာ တစ်ယောက် ယောက် တိုင်လိုက်တာလို့ သက်သက်ခိုင်က ဆိုတယ်။

ဘဏ်ကို အကြွေးပေးရန်ရှိတာ မှန်တယ်။အကြွေးမပေးနိုင်တာတော့ မဟုတ်ဘူး။ငွေမပေါ်လို့ မပေးနိုင် သေးတာလို့လည်း သက်သက်ခိုင် မီဒီယာကနေ ဖြေရှင်းတယ်။ဘာ့ကြောင့်အခုလိုဖြစ်ရတာလဲဆိုတော့ ဖြိုးမင်း သိန်းကြောင့်လို့ သက်သက်ခိုင် လက်ညှိုးထိုးပြန်တယ်။

ဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝ ၂၀၁၆ခုနှစ်တုန်းက အထပ်မြင့်အဆောက်အအုံ ဆောက်လုပ် ခွင့်တွေကို ယာယီရပ်နားခိုင်းလိုက်တာကြောင့် သူတို့ဆောက်နေတဲ့ 68 Residence စီမံကိန်းလည်း အခက်ကြုံခဲ့ ရ၊ ပြီးတော့ ကိုဗစ်ဆိုတဲ့ငနဲကြီးကလည်း မွှေ၊ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကြောင့် ဒီနေ့ထိတိုင် မြန်မာ့စီးပွားရေး တစ်ခု လုံး ကြမ္မာဆိုးငင်နေတာကိုတော့ ‘၂၀၂၁ နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွားရေးအကျပ်အတည်းရှိခဲ့ တယ်’ လို့ သက်သက်ခိုင် ပါးပါးလေးဝန်ခံတယ်။

ကြိုတင်ငွေပေးပြီး ဝယ်ထားတဲ့ အခန်းရှင်တွေကို အခု နောက်အကျကြီး နောက်ကျနေပေမဲ့ ကွန်ဒိုက ဆောက်လက်စတန်းလန်းမို့ အခန်းမအပ်နိုင်၊အကြွေးတွေကလည်း ဗရပွ။ရောင်းထားတဲ့အခန်းတွေက မင်းအောင် လှိုင်ကောင်းမှု အကြီးအကျယ်ငွေကြေးဖောင်းပွမှုတွေကြောင့် ရက်ရက်စက်စက်ရှုံး။မိသားစုဝင်ငွေတွေ ရှိပေမဲ့ ကွန် ဒိုပြီးဖို့ ဦးစားပေးနေရတာကြောင့်တဲ့။ဘဏ်ကိုပေးရမယ့် အတိုးကိုတောင် နောက်ကျမှ ပေးနိုင်တာလည်းရှိ၊ သတ် မှတ်အတိုးပြည့် မပေးနိုင်တာလည်း ရှိ။

ဒါပေမဲ့၊ အမတ်ရူးအိပ်မက်က ထိန်းမနိုင်သိမ်းမရ ငိုကြီးချက်မဖြစ်နေလေတော့ အောက်တိုဘာ၂၄ရက်မှာ ပဲ တရားမဝင်မင်းအောင်လှိုင်နဲ့ ရွေးကော်ထံ အကြွေးကိစ္စ ကြိုးစားဖြေရှင်းပါ့မယ်ဆိုတဲ့ ခံဝန်ကတိနဲ့ အသနားခံစာ တင်ခဲ့တယ်။ပြီးတော့ အောက်တိုဘာ၃၀ရက်မှာ သိန်းငါးသောင်း ပြေးဆပ်ပြ။ ကျမတို့ ကြိုးစားဆပ်နေပါတယ်၊ တဖန်ပြန်ပြီး အမတ်ရူးခွင့်တော့ ပေးပါပေါ့။

သက်သက်ခိုင်ရဲ့ အမတ်ရူးချက်က ဘယ်လောက်ထိအောင် အခြေအနေဆိုးနေသလဲဆို ဥပဒေနဲ့ငြိစွန်း လို့ဆိုပြီး အမတ်လောင်း ပယ်ဖျက်ခံလိုက်ရတဲ့ ၈၆ဦးထဲက အသနားခံစာတင်တဲ့သူတွေကို ပြန်စဉ်းစားနေတယ် လို့ သိရတာကြောင့် အသနားခံတဲ့အထဲက တစ်ယောက်ထဲကိုပဲ ရွေးကောက်ပွဲဝင်ခွင့်ပေးရင် အဲဒီတစ်ယောက်ဟာ ကျ မပဲ ဖြစ်မလားလို့ မျှော်လင့်မိတယ်တဲ့။ဆိုတော့ အမတ်လောင်းသာ ပြန်မရရင် ရူးသွားမယ့် စိတ်အခြေအနေမျိုး။

သူ့ကို အမတ်လောင်းစာရင်းကနေ ပယ်ဖျက်တာဟာ မင်းအောင်လှိုင် ခေါင်းမညိတ်ဘဲ ရွေးကော်ဆုံးဖြတ် ချက်တစ်ခုတည်းနဲ့ မလုပ်ဘူးဆိုတာ သက်သက်ခိုင်ကိုယ်တိုင်လည်း သိတယ်။သူ့အကြွေးကိစ္စ ဘယ်သူကပဲတိုင် တိုင် ရွေးကော်က မသိချင်ယောင်ဆောင်ပေးလိုက်လို့ ရမှန်းလည်း သက်သက်ခိုင်သိတယ်။နောက်ဆုံး၊ အမတ် လောင်းပယ်ဖျက်ထားတာကို ပြန်ရုပ်သိမ်းပေးလို့ရမှန်းလည်း သိတယ်။ပြောရရင် သက်သက်ခိုင်ရဲ့ နိုင်ငံရေးဘဝ သည် မင်းအောင်လှိုင် ထွေးထုတ် လိုက်လို့လည်းရ၊ မြိုချလိုက်လို့လည်းရ၊မင်းအောင်လှိုင် အလိုကျ။

သက်သက်ခိုင်မသိသေးတာကတော့ သက်သက်ခိုင်ရဲ့နိုင်ငံရေးဘဝကို စစ်အုပ်စုက အသုံးချစရာ ဘာမှ မရှိတော့ခြင်းပါပဲ။၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ မင်းအောင်လှိုင်နဲ့ ပါတီ၃၄ခု တွေ့ဆုံခဲ့စဉ်က သက်သက်ခိုင်နဲ့ နိုင်ငံရေး အယုတ်တမာတစ်သိုက်က အာဏာသိမ်းဖို့ မြှောက်ပင့်ရဲဆေးတင်ပေးခဲ့တဲ့ ကျေးဇူးရှိခဲ့ဖူးတယ်။အဲဒီအတွက်လည်း သိန်းညွန့်နဲ့ ခင်မောင်ဆွေကို စစ်ကောင်စီအဖွဲ့ဝင်၊သက်သက်ခိုင်ကို ပြည်ထောင်စုဝန်ကြီးရာထူးပေးပြီး အတုံ့အ လှည့်။ကျွဲကူးရေပါဆိုသလို စစ်တပ်က အာဏာသိမ်းပေမဲ့ စစ်ဗိုလ်ချုပ်တွေချည်း အာဏာမယူဘူးဆိုပြီး ထုတ်ရှိုးလို့ လည်း ရသေးတာကိုး။

အခုတော့ အတုံ့အလှည့်ဆိုတာလည်း ပြီး။တရားမဝင်ရွေးကောက်ပွဲအပြီး သူတို့အငြိမ်းစားဗိုလ်ချုပ်တွေ ကိုတောင် လူစုံတက်စုံ ရာထူးကြီးပေးဖို့ မလောက်ဌ။ သက်သက်ခိုင်ဆိုတာ အဝေးကြီး။သက်သက်ခိုင် ဝန်ကြီးလုပ် တတ်တာထက် သူတို့စစ်ဗိုလ်ချုပ်တွေ ပိုလုပ်တတ်တယ်လို့လည်း သွေးထဲသားထဲက ဘဝင်ရူးရူးနေတဲ့ စစ်အုပ်စု က ခံယူတာလည်း ပါတာပေါ့။

နောက်ပြဿနာတစ်ခုက သနားသောအားဖြင့် သက်သက်ခိုင်ကို ရွေးကောက်ပွဲဝင်ခွင့် ပြန်ခွင့်ပြု တယ်ပဲ ထားဦး။ဘီလီယံများစွာ အကြွေးတင်နေတဲ့ ခြံခုန်ကူးမ သက်သက်ခိုင်ကို ဘယ်ပြည်သူက မဲပေးဦးမှာလဲ။ပြောရရင် မင်း အောင်လှိုင်နဲ့ ရွေးကော်က သက်သက်ခိုင်ကို အကြွေးနွံနစ်နေသူအဖြစ် နိုင်ငံရေးဦးချိုးပစ်ပြီးသား။ပြီးတော့ စစ် ကော်မရှင်ကသာ ပြဿနာကြီးနိုင်တဲ့ခြိမ်းခြောက်မှုတွေ မလုပ်ခဲ့ရင် အမှန်အကန်ပြည်သူတွေ မဲရုံမလာမှာက အ သေအချာ။တက်ကြွစွာနဲ့ မဲလာပေးကြမှာက ကြံ့ဖွတ်အသိုင်းအဝိုင်းသာ ရှိတာမို့ သက်သက်ခိုင်ကို မဲပေးမယ့်သူ အ ယောက်၁၀၀ရော ပြည့်ပါ့မလား။

ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအနံ့ထည့်ထားရုံ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွးပြုချင် လွန်းလို့ပါဆိုပြီး ရင်ဘတ်စည်တီး ကြေညာမောင်းခတ်တာ သက်သက်ခိုင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ပြည်သူ့သစ္စာ ဖောက် ဇာတ်ပျက်NLD တို့ရဲ့ ဆုံမှတ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို စစ်ကော်မရှင်က ဖျက်သိမ်း လိုက်တာတောင် NDF ရဲ့ အမတ်ရူး ၃၅ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်ဦးမယ်လို့ သတင်းတွေအရ သိရတယ်။ပါတီကို ဖျက်လည်း စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုချင်တဲ့ ငါတို့စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရဘူးဆိုတဲ့ ရဲ ရဲ တောက်စိတ်ဓာတ်။

သူတို့ထဲမှာ သက်သက်ခိုင်နဲ့အပြိုင် ဆိုးနေတာကတော့ စန္ဒာမင်း။အရင်တုန်းက NLDပါတီ မှတ်ပုံပြန်တင် ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဝင်ရေးအတွက် ယောက်ယက်ခတ်ပြနေလို့ ပစားပေးထားတာကို အဟုတ်မှတ်ခဲ့တဲ့ စန္ဒာမင်း ။ NDFပါတီထဲဝင်ပြီး လက်သီးလက်မောင်းတန်းရုံရှိသေး ပါတီဖျက်သိမ်းခံရတော့ ကျမမှာ ရှေ့ဆက်ဘာ လုပ်ရမလဲဆိုတဲ့ စိတ်ခွန်အား မရှိတော့ဘူးလို့ ဆိုခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုချင်လွန်းလို့ မရှိ မဲ့ရှိမဲ့အားတွေနဲ့ ကုန်းရုန်းပြန်ထ။လသာမြို့နယ် ပြည်သူ့လွှတ်တော်မှာ တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဦးမယ်တဲ့။

သူ့ဘာသာ မနေနိုင်လို့ ပါတီအဖျက်ခံရလည်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာကထား။စန္ဒာမင်းက စိတ်ကူး လေးကလည်း ယဉ်လိုက်သေး။တရားမဝင်ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့်တရားမဝင်အစိုးရကို ညွန့်ပေါင်းအ စိုးရဖြစ်ဖို့ မျှော် လင့်သေးသတဲ့။အဲဒီညွန့်ပေါင်းအစိုးရထဲမှာ ပါတီစုံလည်းပါ၊သူတို့လို တစ်သီးပုဂ္ဂလတွေလည်း ပါတဲ့အစိုးရအဖွဲ့လို့ စန္ဒာမင်းက ဆိုလေတော့ အခု အမတ်လောင်းလက်မှတ်ရရုံရှိသေး၊ အမတ်ရူးတင်မက တရားမဝင် အစိုးရအဖွဲ့ထဲ ဝန်ကြီးတစ် နေရာတောင် စိတ်ကူးယဉ်နေသလားလို့ ထင်ရ။

မင်းအောင်လှိုင် ထွေးထုတ်လိုက်လို့ နိုင်ငံရေးလမ်းဘေးအိပ် လမ်းဘေးစားဘဝ ရောက်နေတာတောင် တစ်ခွန်း ပြန်မပက်ရဲရုံတင်မက ဒီခရီးကို ကားပေါ်က ထိုင်မလိုက်ရရင်တောင် အနောက်ကနေ ပြေးလိုက်ပါ ရစေဆိုတဲ့ အစား များ။ လက်ရှိမှာ နိုင်ငံတကာ အမြင်လေးလှမလားလို့ အတိုက်အခံလိုလို ရုပ်ပြ ခေါ်အသုံးချ ထားတဲ့ နှစ်ဝါတစ်နီ ကိုကိုကြီးပါတီကရော အသုံးချစရာ မရှိတော့ရင် ဘာဆက်ဖြစ်ဦးမလဲ၊ ဆက်လက်ရှုစား ချင်စရာ။

အဲဒီလို လမ်းဘေးအိပ် လမ်းဘေးစား ဒီမိုကရေစီယောင်ယောင် နိုင်ငံရေးသမားတွေရဲ့ ဘုံတူညီချက်က အမှန်အကန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၁၅နဲ့ ၂၀၂၀ရွေးကောက်ပွဲတွေမှာ အမတ်လေးတစ်နေရာတောင် အနိုင်မရခဲ့ခြင်းပါပဲ။အခု စစ်တပ်အားကိုးနဲ့ ပြည်သူကို ခံပက်နေတဲ့ ပြည်သူ့ပါတီ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ၂၀၂၀ရွေးကောက်ပွဲမှာ တစ်နေရာမှအနိုင်မရခဲ့တာ အားလုံးမျက်မြင်။

၂၀၁၅နဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်တွေက စစ်မှန်တဲ့ ပြည်သူ့ရွေးကောက်ပွဲတွေ ရှိနေသမျှ ဒီတစ်သက် တော့ အမတ်ဖြစ်ဖို့ရာ လမ်းမမြင်ကြောင်း သူတို့ သင်ခန်းစာအကြီးကြီးရခဲ့တယ်။စစ်အာဏာရှင်တွေလက်ထဲမှာ သာ သူတို့ရဲ့နိုင်ငံရေးဘဝ ရှင်သန်နိုင်ပြီး အာဏာလေးငါးပြား၊ဆယ်ပြား ရနိုင်မယ်ဆိုတာလည်း ကောင်းကောင်း သိခဲ့ကြ တယ်။

မင်းအောင်လှိုင် အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေ အဖက်မလုပ်တဲ့ သူတို့ရဲ့နိုင်ငံရေး လူမွေးသူ မွေးပြောင်လာခဲ့တယ်။စစ်ဗိုလ်ချုပ်တွေကို သစ္စာရှိ ခွေးတစ်ကောင်လို ရိုကျိုးတတ်ရင် စစ်ဗိုလ်ချုပ်တွေ ပစ်ကျွေး မယ့် အာဏာလေးငါးပြား၊ဆယ်ပြားရမယ်လို့ တွက်ဆ။ဂုတ်ကျားနိုင်ငံရေးဟာ မအောင်မြင်တဲ့အာဏာသိမ်းပွဲနဲ့အ တူ အကောင်ပေါက်လာတယ်။

ဒါပေမဲ့၊အသုံးချစရာမကျန်တော့ဘူးလို့ထင်တဲ့ ဂုတ်ကျားနိုင်ငံရေးတချို့ကို စစ်ကော်မရှင်က စတင် တောထုတ်။ဂုတ်ကျားနိုင်ငံရေးတွေက အသုဘတေးကိုသာ ရှိုက်ဆိုလို့။ အဲဒါတောင်အပုပ်နံ့နံနေတဲ့ ကျားငစဉ်း လဲရဲ့ ပါးစပ်ပေါက်ထဲကနေ ရွှေရောင်အဆင်းနဲ့ ဒီမိုကရေစီတဝင်းဝင်း ထွက်ကျ လာမယ်လို့ နိုင်ငံရေးကလေ ကဝတွေ ဆက်ယုံနေကြတုန်းဆိုတော့ ပြည်သူ့ခုံရုံးပေါ်ရောက်မှသာ ဆက်စကားပြောရုံ ရှိတော့တယ်။

စစ်အာဏာရှင်တွေကို အလုပ်အကျွေးပြုခဲ့သူမှန်သမျှ ပြည်သူ့ခုံရုံးပေါ်မှာ ပြည်သူတွေ တရားစီရင် ပါလိမ့်မယ်။