ဖိလစ်ပိုင်နိုင်ငံတွင် အူဝန်းခေါ် ဖန်ဝန်း (Fung-wong) မုန်တိုင်းသည် စူပါတိုင်ဖွန်းအဖြစ်ပြောင်းလဲကာ ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဝင်ရောက်နိုင်သောကြောင့် နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတစ်လျှောက် နေထိုင်သူ လူဦးရေ ၁၀၀,၀၀၀ ကျော်ကို နေရာ ရွှေ့ပြောင်းပေးထားရသည်။
အဆိုပါ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ယခုအခါလေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ ကီလိုမီတာမှ ၂၃၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်သော Fung-wong ဆူပါ တိုင်ဖွန်းသည် ယနေ့ညတွင် နိုင်ငံအလယ်ပိုင်း အော်ရိုဝါ ပြည်နယ်၌ ကုန်းမြေသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်းထားကြောင်း ဖိလစ်ပိုင် အရပ်ဘက် လေကြောင်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က ဝင်ရောက်တိုက်ခတ်ခဲ့သော ကာမယ်ဂီတိုင်ဖွန်းကြောင့်လည်း သေဆုံးသူ ၂၀၄ ဦးရှိခဲ့သည်။ အဆိုပါ မုန်တိုင်းသည် ဗီယက်နမ်သို့ ဆက်လက်ဝင်ရောက်မှုကြောင့် ၅ ဦးသေဆုံးခဲ့ကာ အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။
