စစ်ရေးသတင်းများ ပေါက်ကြားမှုကြောင့် ဆိုပြီးမတ္တရာမြို့နယ်ရှိ သတင်းထောက်တစ်ဦးကို လက်နက်ကိုင်အဖွဲ့နှစ်ခု ဖမ်းဆီး

ဓာတ်ပုံ - Upper Burma News Agency
ပုံစာ-ဖမ်းဆီးခံရသည့် သတင်းထောက် ဦးတိုးကြီးအား တွေ့ရစဥ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း၌ သတင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေသည့် ဒေသတွင်းသတင်းထောက်တစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးသွားခဲ့ကြောင်း Upper Burma News Agency(UBNA) သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာပထမအပတ်တွင် ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုက အညာအခြေစိုက် Upper Burma News Agency(UBNA) သတင်းဌာန၏ မတ္တရာမြို့နယ်သတင်းတာဝန်ခံတစ်ဦးဖြစ်သည့် သတင်းထောက် ဦးတိုးကြီးကို မတ္တရာမြို့နယ်အတွင်း၌ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးချိန်တွင် စစ်ရေးသတင်းများပေါက်ကြားသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခဲ့သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများဘက်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း UBNA သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူဟာ ကျတော်တို့ဌာနနဲ့ အောက်တိုဘာလပထမအပတ်လောက်အထိ အဆက်အသွယ်ရသေးတယ်။ ဘယ်အဖွဲ့အစည်းတွေလဲ ဆိုတာကိုတော့ ကျတော်တို့ အတည်ပြုနေဆဲပါဗျ။ အကြမ်းအားဖြင့်တော့ သိထားပါတယ်။ ဖမ်းဆီးတဲ့အချိန်မှာ ဖမ်းဆီးရတဲ့ အကြောင်းအရင်းကတော့ စစ်ရေးသတင်းတွေ ပေါက်ကြားလို့ ဖမ်းတာလို့ ဦးတိုးကြီးနဲ့အတူနေသူတစ်ဦးက ကျတော်တို့ကိုပြန်ပြောပြလို့ သိထားရပါတယ်ဗျ” ဟု UBNA သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။

ဖမ်းဆီးခံရသူ သတင်းထောက် ဦးတိုးကြီးက People’s Information Force အမည်ဖြင့် တယ်လီဂရမ်ချန်နယ် ဖွင့်လှစ်ထားပြီး မတ္တရာမြို့နယ်အတွင်း စစ်အာဏာရှင်မတရားဖိနှိပ်မှုများကို ဖော်ပြပေးနေသူတစ်ဦးဖြစ်သည့်အပြင် MFP၊ DVB စသည့် သတင်းဌာနများတွင်လည်း မြေပြင်သတင်းများကို တင်ပြပေးနေသူတစ်ဦး ဖြစ်သည်ဟု UBNA သတင်းဌာနက တာဝန်ရှိသူက ဆိုသည်။

“တိုက်ပွဲဖြစ်တယ်၊ ဗုံးကြဲတယ်၊ အရပ်သားသေတယ်ဆိုတဲ့သတင်းမျိုးတွေတောင် မြေပြင်သတင်းသမားတွေဘက်က ရေးခွင့်မရှိတော့ဘူးလား။ ယခင်က ကျတော်တို့ဌာနမှာ ဒီလိုမျိုးဖြစ်စဉ်မရှိခဲ့ပါဘူး။ ကျတော်တို့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သတင်းသမားတွေကြား သွေးမကွဲစေချင်ဘူးလို့ နောက်ဆုံးပြောချင်ပါတယ်ဗျ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးထားသော သတင်းထောက်အား အမြန်ဆုံး လုံခြုံစွာ ပြန်လွှတ်ပေးရန်၊ ဖမ်းဆီးထားသည့် အဖွဲ့များအနေဖြင့် သတင်းထောက်၏ ကိုယ်လက်ကောင်းမွန်မှု၊ နေရာသိရှိနိုင်ရန် အချက်အလက်များ ထုတ်ဖော်ပြသပေးရန်၊ သတင်းသမားများကို တရားဥပဒေနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ကာကွယ် ဆက်ဆံပေးရန် Upper Burma News Agency သတင်းဌာနက တောင်းဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင်လည်း ရခိုင်အခြေစိုက် Border News Agency(BNA) ၏ သတင်းထောက် မမုဒြာကို AA ထောက်လှမ်းရေးတပ်ဖွဲ့များက မောင်တောမြို့နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။

“ဒီတော်လှန်ရေးကာလမှာ သတင်းထောက်တွေကတော့ နှစ်ဘက်လုံးကို ကြောက်နေရတယ်။ သတင်းလွတ်လပ်ခွင့်တွေလည်း ဆုံးရှုံးနေရတယ်။ သတင်းထောက်တွေအနေနဲ့လည်း အထူးဂရုစိုက်သင့်တယ်။ ကျတော်တို့အနေနဲ့လည်း လုံခြုံမှုရှိတယ်လို့ မခံစားရဘူး” ဟု လွတ်မြောက်နယ်မြေတစ်ခု၌ သတင်းလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ်၊ စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးနောက် စာနယ်ဇင်းသတင်းသမား ၇ ဦး အထိ သတ်ဖြတ်ခံရကာ သတင်းသမား ၂၀၀ ကျော်အထိ ဖမ်းဆီးခံရပြီး၊ လက်ရှိအချိန်ထိ အမျိုးသမီးသတင်းသမားများအပါအဝင် ၅၁ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။