တသနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ရုံး ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(နိုဝင်ဘာ ၈ရက်) ၊ နံနက် ၅နာရီ ၃၀ မိနစ်က လောင်းလုံမြို့ပေါ်ရှိ ကြံ့ခိုင်ရေးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“အသံတော်တော်ကျယ်၊ နှစ်ချက်လောက်ကြားလိုက်တယ်။ အစကတော့ လက်နက်ကြီးကျတာ၊ တိုက်ပွဲ ဖြစ်နေတယ်လို့ ထင်တာ၊ မီခိုးတွေလည်း အများကြီးထွက်လာတာ၊ နောက်မှ သိရတာ အဲဒီရုံး PDF တွေ လာဖောက်ခွဲ လိုက်တာ” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း အဆောက်အဦလုံးဝ ပျက်စီးသွားကြောင်းသိရသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူဆန္ဒမပါသော အတုအယောင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် နေရာဒေသမရွေးဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်၊ စည်းရုံးနှိုးဆော်ပေးခြင်း၊ ကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်း၊ အတင်းအကျပ် ဖိအားပေးပါဝင်စေခြင်းများ မပြုလုပ်ရန် သံမဏိလိပ်ပြာအဖွဲ့က တိုက်တွန်းထားသည်။
“လူထုကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေ လုပ်တဲ့ ရွေးကောက်ပွဲကို မျှတမှုမရှိသလို လက်လဲ လက်မခံဘူး၊ ပြီးတော့ ကြံ့ဖွတ်ပါတီက ခေတ်အဆက်ဆက် လူထုကို အမျိုးမျိုး လိမ်လည်ပြီး ဒုက္ခပေးနေတာ ပြည်သူတွေ သိနေပြီးသားလေ” ဟု စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် နောက်ထပ်လောင်းလုံးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး တနင်္ဿာရီတိုင်း တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့ ပါဝင်သည်။
အဆိုပါ စစ်ကော်မရှင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများနှင့်အတူ UN အပါအဝင် အာဆီယံကလည်း အသိ အမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြောထားသည်။
